ပဋ္ဌာန်း ဒေသနာကို မှန်မှန် ရွတ်ခြင်း၏ အကျိုးများ ++++++++++++++++++++++++++++++ ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း ၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …
ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။ မြတ်စွာဘုရား ဟော ကြား ခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟော ထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင် ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။ အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြပါတယ်။
ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ …
(၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့် .. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။
(၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။
(၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။
(၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ ယခုအခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။
(၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။
(၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။
ယခုတင်ပြပြီးသမျှ ဖြစ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ကိုကြည့်ရင် … ပဋ္ဌာန်း ဒေသနာ ရဲ့ အဓိပ္ပါယ် နားလည် စွာ နဲ့ ရွတ်တာ တောင် မဟုတ်သေးပါ။ – Credits to Myo Nyunt > ပဋ္ဌာန်းတရားကို လေ့လာသင်ယူခြင်း★ ပဠာန်း ( ၂၄ ) ပစ္စည်း အကျယ် ၊
★ ပစ္စယနိဒ္ဒေသ ၊
★ အလွယ် ၊ အလွယ် ကျက်မှတ်နည်း
ပဌာန်း ၂၄ ပစ္စည်း အနက် အဓိပ္ပါယ် နှင့် ပဌာန်းမေတ္တာပို့
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣနြ္ဒိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
စျာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပဌာန်းအနက်အဓိပ္ပါယ်ကို ပုံပြကြည့်ရန်အောက်ပါလင့်ကိုနှိပ်ပါ…။
ပဌာန်းမေတ္တာပို့ +++++++++
၁။ ဟေတုပစ္စယော – သတ္တဝါအားလုံး- မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီးကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာနိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။
၂။ အာရမ္မဏပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရူပါရုံ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့ မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။
၃။ အဓိပတိပစ္စယော – သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သောဆန္ဒ၊ ဝီရိယ၊ စိတ်၊ပညာ တရားတို့ အကြီးအမှူးဦးစီးဦးဆောင်မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ တရားတို့သာ အကြီးအမှူးဦးစီးဦးဆောင်ပြုကြလျက် အလွန်အကြူးအထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာရရှိခံစားနိုင်ကြပါစေ။
၄။ အနန္တရပစ္စယော – သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာမဖြစ်ကြဘဲ၊ ကောင်းမြတ်သောစိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။
၅။ သမနန္တရပစ္စယော- သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သောစိတ်၊စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာဖြစ်ပွားနိုင်ကြပါစေ။
၆။ သဟဇာတပစ္စယော – သတ္တဝါအားလုံး -မကောင်းသော ရုပ်၊နာမ်တရားများအတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသာ အတူတကွ ဖြစ်နိုင်ကျေးဇူးပြုနိုင် ကြပါစေ။
၇။ အညမညပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားများနှင့်အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ။
၈။ နိဿယပစ္စယော – – သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားတို့၌မှီ၍ မဖြစ်ကြဘဲ၊ကောင်းမြတ်သော ရုပ်၊နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာခံစားနိုင်ကြပါစေ။
၉။ ဥပနိဿယပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ပညတ်၊နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊နာမ် ရုပ် တရားများနှင့်ကောင်းမြတ်သော မိဘ၊ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ သာအားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာခံစားရရှိနိုင်ကြပါစေ။
၁၀။ ပုရေဇာတပစ္စယော- သတ္တဝါအားလုံး-မကောင်းသော အာရုံ၅ ပါးရုပ်တရား၊ဝတ္ထုရုပ်တရားများ ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ၅ ပါး ရုပ်တရားများ၊ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ။
၁၁။ ပစ္ဆာဇာတပစ္စယော – သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသောရှေးရှေးရုပ်တရားအားနောက်နောက်မှ ဖြစ်သော နာမ်တရားများကကျေးဇူးပြုရာတွင် မကောင်းသော အကုသိုလ်နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာခံယူနိုင်ကြပါစေ။
၁၂။ အာသေဝနပစ္စယော – သတ္တဝါအားလုံး-မကောင်းသော အကုသိုလ်တရားများအဖန်တလဲလဲ ထုံခြင်းသဘောဖြင့်ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သောကုသိုလ်တရားကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင်းဖြင့်ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။
၁၃။ ကမ္မပစ္စယော -သတ္တဝါအားလုံး- မကောင်းသော စေတနာကံတရားတို့ကိုမပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သောစေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝနောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာခံစားရရှိနိုင်ကြပါစေ။
၁၄။ ဝိပါကပစ္စယော – သတ္တဝါအားလုံး- ကောင်းမြတ်သော အကျိုးတရားတို့ကိုသာအဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရားအမျိုးမျိုးတို့ ကိုသာနိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ြ ကပါစေ။
၁၅။ အာဟာရပစ္စယော – သတ္တဝါအားလုံး-ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအားမကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့်အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သောရုပ် နာမ်အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ပြုဖြစ်ကြ၍ နိဗ္ဗာန်ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
၁၆။ ဣနြ္ဒိယ ပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာနိဗ္ဗာန်တိုင်ထိ ရရှိခံစားနိုင်ကြပါစေ။
၁၇။ စျာနပစ္စယော- သတ္တဝါအားလုံး- မကောင်းသော အကုသိုလ်တရားတို့၌စူးစူးစိုက်စိုက်အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သောကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ။
၁၈။ မဂ္ဂပစ္စယော- သတ္တဝါအားလုံး- ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲသုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနို င်ကြပါစေ။
၁၉။ သမ္ပယုတ္တပစ္စယော – သတ္တဝါအားလုံး- မကောင်းသော စိတ် စေတသိက်နာမ်တရားအချင်းချင်းအညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုကြဘဲကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာအညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။
၂၀။ ဝိပ္ပယုတ္တပစ္စယော- သတ္တဝါအားလုံး- အချင်းချင်း အညီအညွတ်မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို ကျေးဇူးပြုရာ၌မကောင်းသော ရုပ်နာမ်တရားတို မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သောနာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သောနာမ်တရားတို့ကိုမယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာရရှိခံစားနိုင်ကြပါစေ။
၂၁။ အတ္ထိပစ္စယော – သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။
၂၂။ နတ္ထိပစ္စယော -သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်းမရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။
၂၃။ ဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။
၂၄။ အဝိဂတပစ္စည်း- သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့မကင်းသောအားဖြင့်မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာမကင်းကွာသောအာြး ဖင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။
(အဘိဓမ္မာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-သာသနာရေးဦးစီးဋ္ဌာနမှ)
_______________________________ —
ပဋ္ဌာန်းအကြောင်းသိကောင်းစရာ ✿✿✿✿✿✿✿✿✿✿✿
ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊အမျိုးကောင်းသမီး သူတော်စင်များအနေဖြင့်… ၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။ ၂။ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ ၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန် ၄။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ ၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ် ၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက် ၇။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း ၈။ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ် ၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ ၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ၊ဤဆယ်ချက်ကိုအကျဉ်းချုပ်သိထားဖို့လိုပါတယ်။
၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင်
ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ
ဆင်းသက်လာတာပါ။
ပဋ္ဌာန=အမျိုးမျိုးသော အကြောင်း
ပဋ္ဌာန=ဝေဖန်ခြင်း
ပဋ္ဌာန=ကျက်စားသွားလာရာသို့ ဆိုပြီး
အနက်သုံးမျိုးထွက်ပါတယ်။ထို့ကြောင့်
(က)။အကြောင်းအမျိုးမျိုးကိုဟောတတ်သော
ကြောင့် ပဋ္ဌာန်း။
(ခ)။ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့်
ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။
(ဂ)။သဗ္ဗညုတဥာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့်
ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။
(၂)။ပထမဆုံး ဆင်ခြင်သည့်နေရာ
ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။
ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကြီးသည်လည်း ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးသည်ထိကျက်စားနိုင်ခဲ့ပါတယ်။
ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။
ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို သတိရနေကြရမှာဖြစ်ပါတယ်။
၃။ဟောကြားခဲ့သောအချိန်
ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ
ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန်၊
(၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာ
ဟောကြားခဲ့တယ်လို့မှတ်သားနိုင်ပါတယ်။
၄။ဟောကြားခဲ့သောနေရာ
~ ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိ ံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။
၅။ဟောကြားခဲ့သော ပုဂ္ဂိုလ်
ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့
ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။
၆။ဟောကြားခဲ့သော ရည်ရွယ်ချက်
~~~~ ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။
၇။ဟောကြားခဲ့သော ရက်ပေါင်း
ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင်
ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရအဘိဓမ္မာ(၇)ကျမ်းကို
တာဝတိံသာနတ်ပြည်မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြား
တော်မူရာ .......
ဓမ္မသင်္ဂဏီ(၁၂)ရက်၊
ဝိဘင်း(၁၂)ရက်၊
ဓာတုကထာ(၆)ရက်၊၊
ပုဂ္ဂလပညတ္တိ(၇)ရက်၊
ကထာဝတ္ထု(၈)ရက်၊
ယမိုက်(၂၀)ရက်၊
ပဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။
၈။ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ်
~~ ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်ကတာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကိုမကျဉ်းမကျယ်အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချဟောတော်မူခဲ့ပါတယ်။
ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။
၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ
ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင်
ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့
အရာဌာနကြီး ၄ခုရှိပါတယ်။
အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့....
(၁)။သံသာရ သာဂရ=သံသရာပင်လယ်ကြီး။
(၂)။ဇလ သာဂရ=ရေပင်လယ်ကြီး။
(၃)။နယသာဂရ=နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။
(၄)။ဥာဏသာဂရ=ဥာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏
သဗ္ဗညုတ ဥာဏ်တော်ကြီး။
ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက
အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ်
မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။
ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး
စာမျက်နှာပေါင်း(၂၆၄၀)တိတိရှိပါတယ်။
အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ
ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက်
အောင်များတယ်လို့ဆိုပါတယ်။ သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို
မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက်
သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ မိုးသီးမိုးပေါက်ကိုပင်တစ်လုံး ချင်းရေတွက်နိုင်သောအရှင်
သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။
ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍
ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်း
ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။
ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင်
ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။
(က)။ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။
(ခ)။အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ
မြတ်စွာဘုရားရှင်က (၁၆)ခွန်းထိပြောဆိုနိုင်ပါတယ်။
(ဂ)။ပကတိသာမန်လူတစ်ယောက်စကားတစ်ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈)ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။
မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော်လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေ
ွကြောင့်လည်းကောင်း၊သဗ္ဗညုတဥာဏ်တော်ကြောင့်လည်းကောင်းစတဲ့
အချက်တွေကြောင့် စကားတော်လျင်မြန်ရခြင်းအကြောင်း
တရားလေးပါးရှိပါတယ်။
၁။ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း
၂။ဒန္တဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။
၃။ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။
၄။ဘဝင်္ဂပရိသောလဟုကော=ဘဝင်စိတ်
အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
~~~~ ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ..
(၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။
(၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။ (၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
(၄)။ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ ရနိုင်ပါတယ်။
အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊အဘိဓမ္မာစာမေးပွဲများ၊ အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊ အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက် ပြန့်ပွားအောင်အကုသိုလ်စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။ နာယူကြပါ။ သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
Credit. ; ဒေါက်တာအရှင်ကောဝိဒါစာရ၏ ပဋ္ဌာန်းအကြောင်းစာအုပ်မှ-ဓမ္မဒါနပူဇော်ပါသည်….###ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်###