ရှင်သီ ၀လိ (ထေရုပ္ပတ္တိ) ═════════════
ဗုဒ္ဓဘာသာ၀င်များက ရှင်သီ၀လိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီ၀လိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီ၀လိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီ၀လိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။
( တောင်းခဲ့သော ဆု)
ရှင်သီ၀လိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။
(ပြုခဲ့သော ကုသိုလ်)
၀ိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။
ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင် လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်၀ယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီ၀လိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်စျေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ စျေးကိုင်ထားလိုက်၏။
မြို့သူ မြို့သားတို့က တဖြည်းဖြည်း စျေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ စျေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါ၀င် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ဝိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။
ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီ၀လိ ဖြစ်ခဲ့ရလေသည်။
(ကျူးလွန်ခဲ့သော အပြစ်)
ရှင်သီ၀လိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိ၀မ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိ၀တွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။
တခုသောအတိတ်ဘ၀က သီ၀လိနှင့် မယ်တော် သုပ္ပဝါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ဝိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။
မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့် အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီ၀လိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီ၀လိအလောင်းအလျာ ဖြစ်လာသည်။
( ရှင်သီ၀လိ မယ်တော်နှင့် ခမည်းတော်)
ရှင်သီ၀လိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ ရှင်သီ၀လိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။ ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။ မယ်တော်၏အမည်ကိုမူသုပ္ပဝါသာ-ဟု သီးခြားပြဆိုသည်။ သုပ္ပဝါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏ သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ် ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။
မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့် ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။ အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ် တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။ ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။
ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက် ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ အဖြေကား မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။
ရှင်သီ၀လိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိ၀မ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။
( အံ့ဖွယ် ဖြစ်ရပ်ထူးများ)
ရှင်သီ၀လိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။ ရှင်သီ၀လိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပဝါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပဝါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။ သုပ္ပဝါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်၀န်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။
စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီ၀လိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။
ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ၀ိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။
(ဂုဏ်တော်ပွား၍ သည်းခံခြင်း)
ကိုယ်၀န်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပဝါသာမင်းသမီး၏ ဆင်းရဲ ဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။ ဤ၌ သုပ္ပဝါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့ ကောင်းပါသည်။ သုပ္ပဝါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင် ပြုလုပ်၍ သည်းခံခဲ့လေသည်။
ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-
(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွတကား။
(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို ကောင်းစွာ ကျင့်တော်မူပါပေစွတကား။
(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။
သုပ္ပဝါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်၀န်လွယ်ရသော ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်၍ နေလေသည်။
သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ စကားကို ပြောကြားလေသည်။
အမောင်-ကိုယ်၀န်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။
(အလှူ ၂-ခု ဆုံနေခြင်း)
ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပဝါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။ သုပ္ပဝါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက သုပ္ပဝါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပဝါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။
အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့် အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။
အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ- အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွှေ့ပေးပါမယ်ဘုရား။
အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က- ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာ၀ကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။
ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့် အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။
( မေတ္တာဓာတ်ကြောင့် ဖွားမြင် )
အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက သုပ္ပဝါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး- သုပ္ပဝါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။ ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အဝြဖင့် မိန့်ကြားတော်မူလေသည်။
မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင် ကျန်ရစ်သော သုပ္ပဝါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ ဖွားမြင်လေ၏။
ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။ သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့ အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏ အမည်ကို ( သီ၀လိ) ဟု အမည်ပေးကြသည်။ သီ၀လိ=သောကအပူကို ငြိမ်းအေးစေးသူ (ဝါ) မောင်ငြိမ်းချမ်း။
( မွေးဖွားစသူငယ် စကားပြောခြင်း )
သုပ္ပဝါသာမင်းသမီးသည် သီ၀လိသတို့သား ဖွားမြောက်သည့် အထ်ိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီ၀လိ သတို့သားမှာ အမိ၀မ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက် လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီ၀လိသူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပဝါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။ (အံ-ဋ္ဌ-၁၊ နှာ-၁၉၄)
မြတ်စွာဘုရားက -ချစ်သမီး သုပ္ပဝါသာ၊ ကိုယ်၀န်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်၀န်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပဝါသာမင်းသမီးက -မှန်ပါဘုရား၊ သီ၀လိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။
( သီ၀လိ သင်္ကန်း၀တ် )
အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီ၀လိသူငယ်က အမိ၀မ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်း၀တ်လိုကြောင်း လျှောက်ထားလေ၏။ ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။
ပထမဆံ၀န်းအချတွင် သောတာပန်၊ ဒုတိယဆံ၀န်းအချတွင် သကဒါဂါမ်၊ တတိယဆံ၀န်းအချတွင် အနာဂါမ်၊ ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။
ရှင်သီ၀လိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီ၀လိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။ ရှင်သီ၀လိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။
( ဘုန်းကံကို စုံစမ်းခြင်း )
ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီ၀လိကိ်ု လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီ၀လိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီ၀လိပါလျှင် စား၀တ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီ၀လိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။
တခါက ဂေါတမမြတ်စွာဘုရားသည် သာ၀တ္ထိပြည်သို့ ကြွလာရာ ရှင်သီ၀လိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။ ရှင်သီ၀လိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီ၀လိနောက်သို့ သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။
ရှင်သီ၀လိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီ၀လိ မထေရ်အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။ ရှင်သီ၀လ်ိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီ၀လိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီ၀လိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။ . ( မာဂဓီ-သာစည်)
Dhammaပီတိ
Via ဓမ္မ ရေချမ်းစဉ်
🙏ဘုရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏
🙏တရား၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏
🙏သံဃာ၏ဂုဏ်ကိုယ်လုံးခြုံ လုံးစုံ ဘေးရန်ကွာကျပါစေ🙏
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ
ဘုရား တရား သံဃာ ရတနာမြတ်သုံပါး၏ ဂုဏ်ကျေးဇူးကြောင့်
(၇)ရက်သားသမီးအပေါင်းသူတော်ကောင်းတို့
🌹လုပ်ကိုင် ကြံစည်သမျှ ပြီးမြှောက် အောင်မြင်ပါစေ.🌹
🌹ရောဂါ ဘေးအန္တရာယ်ကင်း၍ အေးချမ်းကျပါစေ.🌹
🌹တရားထူးတရားမြတ်များရကျပါစေ.🌹
နိဗ္ဗာနဿ ပစ္စယော ဟောတု။ ။
မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ကြည်ညို လေးစား တန်ဖိုးထားသည့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များကို (ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်ကိုးကွယ်သူများ)group မှလည်း လေးစားစွာဖိတ်ခေါ်ပါသည်။🙏🙏🙏https://www.facebook.com/groups/443388239944617/ https://www.facebook.com/groups/443388239944617/