❝ ဗုဒ္ဓရဲ့ လူတိုင်းအတွက် အသင့်တော်ဆုံး သြ၀ါဒ ❞

❝ ဗုဒ္ဓရဲ့ လူတိုင်းအတွက်
အသင့်တော်ဆုံး သြ၀ါဒ ❞

အမ္ဗလဌိက ရာဟုလောဝါဒ ဒေသနာမှာ-

“ရာဟုလာ၊ တစ်စုံတစ်ရာ ပြောမယ်ကြံရင်
အလျင်စလို မပြောနဲ့၊ သတိထားလိုက်ဦး၊
ငါပြောတော့မှာပဲ ဆိုတာ သတိထားလိုက်ဦး။

ပြီးတော့မှ..
ငါ ပြောမယ့်စကားဟာ ငါ့ ထိခိုက်မလား၊
သူတစ်ပါး ထိခိုက်မလားဆိုတာ
ဆင်ခြင်စဉ်းစားလိုက်ဦး” တဲ့။

ပထမ- ပြောတော့မယ်ဆိုရင် သတိရှိဖို့၊
ဒုတိယ- သတိရှိပြီးတော့
ငါပြောမယ့် စကားဟာ ငါ့ ထိခိုက်မလား၊
သူတစ်ပါး ထိခိုက်မလားဆိုတာ ဆင်ခြင်ဖို့။

ဆင်ခြင်လိုက်လို့ ငါပြောမယ့် စကားဟာ
“ဘယ်သူ့ကိုမှ မထိခိုက်ဘူး ဆိုတာ
စဉ်းစားလို့ရမှပဲ ပြောဖို့ ဆုံးဖြတ်ပြီး ပြောပါ။
တစ်ဦးဦးကို ထိခိုက်မယ်ဆိုရင် မပြောပါနှင့်”
တဲ့။

တစ်ခါ ပြောနေဆဲမှာလဲ
သတိထား ဆင်ခြင် စဉ်းစားဦးတဲ့။

“ငါ ပြောနေပါလား၊
ငါ ပြောနေတဲ့ စကားဟာ ငါ့ ထိခိုက်သလား၊
သူတစ်ပါး ထိခိုက်သလား” ဆိုတာ
ပြောနေရင်းနဲ့ စဉ်းစားပါဦး။

ပြောနေရင်းက စကားတစ်လုံး မှားသွားလို့
သူတစ်ပါး ထိခိုက် နစ်နာစေတဲ့
စကားပါသွားရင် ဆက်မပြောနဲ့တော့၊
ရပ်ပစ်လိုက်တော့ တဲ့။

တစ်ခါ ပြောပြီးပြန်ရင်လည်း
ပြန်ပြီး သတိထား ဆင်ခြင်လိုက်ပါဦး တဲ့။

“ငါ ပြောပြီး သွားပြီ၊
ငါ ပြောလိုက်တဲ့ စကားတွေက ဘာတွေလဲ”
လို့ သတိထားပါဦးတဲ့။

“ငါ ပြောလိုက်ခြင်းကြောင့်
ဘယ်သူများ ထိခိုက်သွားသေးသလဲ၊
ငါ့များ ထိခိုက် သွားပြီလား၊
သူတစ်ပါးများ ထိခိုက်သွားပြီလား”
ဆိုတာကို ဆင်ခြင်စဉ်းစားလိုက်ပါဦးတဲ့။

ဆင်ခြင် စဉ်းစားလိုက်လို့
တစ်စုံတစ်ယောက်ကို ထိခိုက်သွားတာများ
တွေ့ရင်.. “ဒီစကားမျိုး
နောင် ဘယ်တော့မှ ငါ မပြောဘူး၊
ရှောင်မယ်”ဆိုပြီးတော့ ရှောင်ပါတဲ့။

အပြုအမူမှာလဲ ဒီအတိုင်းပဲ။
ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုရင်..
“မပြုခင် သတိထား၊ ဆင်ခြင်စဉ်းစား။
ပြုလုပ်ဆဲမှာလည်း သတိထား၊
ဆင်ခြင်စဉ်းစား။ ပြုလုပ်ပြီးတော့လည်း
သတိထား၊ ဆင်ခြင်စဉ်းစား” တဲ့။

ထို့အတူပဲ။ စိတ်နဲ့ တွေးရာမှာလည်း
ဒီ အတိုင်းပဲ။
တစ်စုံတစ်ခု အကြံပြုတော့မယ်ဆိုရင်
“အင်း ငါ စဉ်းစားတော့မှာ
ကြံတော့ တွေးတော့မှာပဲ” လို့
သတိထားလိုက်။

ငါ အခု စဉ်းစားမှာ
ဘယ်သူ့ ထိခိုက်မှာတွေ စဉ်းစားမလဲ၊
ငါ့ ထိခိုက်မှာတွေ စဉ်းစားမှာလား၊
သူများ ထိခိုက်မှာတွေ စဉ်းစားမှာလား”
အဲဒီလို ဆင်ခြင်ပါတဲ့။

ထို့အတူ စဉ်းစားနေဆဲမှာလည်း
သတိထား၊ ဆင်ခြင်ပါတဲ့။
စဉ်းစားပြီးတဲ့ အခါမှာလည်း
သတိထား၊ ဆင်ခြင်လိုက်ပါဦး တဲ့။

ကာယကံ အပြုအမူ၊
၀စီကံ နှုတ် အပြောအဆို၊
မနောကံ စိတ် အကြံအတွေး၊
သုံးမျိုးလုံးမှာပဲ အဲဒီလို သုံးကြိမ်စလုံး
သတိထား၊ ဆင်ခြင် စဉ်းစားပါတဲ့။

ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ
CREDIT – Nay Lin

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

နိဗ္ဗာန်ဆိုတာ

နိဗ္ဗာန်ဆိုတာ


နိဗ္ဗာန်မှာ __ ပူတယ်ဆိုတာ တောင့်တင်းတယ်ဆိုတာ

နူးညံ့သိမ်မွေ့နေတယ်ဆိုတဲ့သဘောလေး မရှိပါ။ နေအေးလေးနဲ့ ရေအေးလေးနဲ့ ခံစားရတဲ့ အအေးကလေးများမရှိပါ။

#ဘာကြောင့်ဆိုတော့ ပထဝီ ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်တွေမှ မရှိတာ ။ ဒီဓာတ်တို့ရဲ့ နူးညံ့တဲ့ အတွေ့အထိကြောင့် ခံစားလို့ကောင်းတယ်ဆိုတာ နိဗ္ဗာန်မှာ မရှိဘူး။

အေးနေတယ်ဆိုတဲ့ အသိ ၊ အေးတယ်ဆိုတဲ့ အရသာ ၊ ခံစားတယ်ဆိုတဲ့ ဝေဒနာ ၊ နိဗ္ဗာန်မှာ မရှိဘူး။

နိဗ္ဗာန် ဆိုတဲ့ သဘောတရား ၌ ကြယ်တွေ လတွေ နက္ခတ်တာရာတွေလည်း မရှိကြလေကုန်။

နေမင်းကြီး လမင်းကြီး လင်းသလို လင်းနေတဲ့သဘောက နိဗ္ဗာန်မှာ မရှိဘူးတဲ့။ လရဲ့အရောင်လို ကြည်အေးတဲ့ အအေးရောင်များလည်း နိဗ္ဗာန်မှာ မရှိပါဘူး။ ဓာတ်လေးပါးမှ မရှိတာ။ ဒီဓာတ်လေးပါး မှီဖြစ်တဲ့ အရောင်တွေ အလင်းတွေ မရှိဘူးဆိုတာ မှတ်ထား။ အမှောင်ကြီးလည်း မဟုတ်ဘူး။

ကိုယ့်သန္တာန် ကိလေသာ တွေ အကုန်ရှင်းသွားလို့ မြင်လိုက်ရတဲ့ နိဗ္ဗာန်ရဲ့ အအေးဓာတ်က ရုပ်ကလည်း လွတ်နေတယ်။ နာမ်တရားတွေမှလည်း လွတ်နေတယ်။ ချမ်းသာတဲ့ သုခဝေဒနာမှလည်း လွတ်နေတယ်။ ဒုက္ခဝေဒနာမှလည်း လွတ်တယ်။ ရုပ် နာမ် သုခ ဒုက္ခဝေဒနာတို့ မှ လွတ်ပြီးတော့ အေးနေတဲ့သဘော။

ရုပ်ထဲ နာမ်ထဲမှာ အေးနေတာ မဟုတ်ဘူးနော်။ ရုပ်ထဲ နာမ်ထဲ မှာ အေးနေတယ်ဆိုရင်တော့ ရုပ် နာမ်နဲ့စ ၊

အေးနေရင် ရုပ်ကြီးဟာ ဒုက္ခကြီးပဲ မဟုတ်လား။ အဲဒါ မှတ်ထား။

ရုပ်နာမ် ဝေဒနာတို့မှ လွတ်ပြီး တော့ အေးနေတဲ့သဘောကို မဂ်ဥာဏ်နဲ့ မြင်တဲ့အမြင် အသင်္ခတ ဒီလို ရှိပါတယ်။

ဘုန်းကြီးတို့ရဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ဆိုတဲ့ ခန္ဓာငါးပါးဟာ ထင်းပုံကြီး။ အဲဒီ ထင်းပုံကြီး ရှိနေသမျှ မီးတဆယ့် တစ်ပါးဆိုဟာ လောင်နေတယ်။

ထင်းပုံကြီး ကုန်သွားသလို ခန္ဓာငါးပါးကုန်သွားရင် မီးဟာ အလိုလို ငြိမ်းသွားတာပဲ မဟုတ်လား။

နိဗ္ဗာန်ရဲ့ အငြိမ်းဟာ အဲဒီ မီးပုံကြီး ငြိမ်းသလို ငြိမ်းတဲ့သဘော။ မဂ်ဇောကျတဲ့အခါ အဲဒါကို မြင်ရလိမ့်မယ်။

ခန္ဓာထဲမှာ အေးနေတယ် ဆိုတဲ့ သဘောက ခန္ဓာနဲ့စပ်နေလို့ ဒုက္ခမလွတ်ဘူးဆိုတာ မှတ်ထား။ ဥပ္ပကိလေသာ အားလုံးကို ဒီတစ်ချက်တည်းနဲ့ ဘုန်းကြီး ရှင်းတယ်နော်။

နိဗ္ဗာန်မြင်တယ်ဆိုတာ

မီးပုံကြီးငြိမ်းသလို ဘာမှ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် မရှိဘဲနဲ့ ငြိမ်းနေတဲ့ အငြိမ်းကို မြင်တာက နိဗ္ဗာန်ရဲ့ သဘော ဖြစ်ရမယ်။ အလင်းရောင်ကလေးရှိနေသေးလို့ အဲဒီအလင်းထဲမှာ ငြိမ်းနေတဲ့ အငြိမ်းဆိုရင် အဲဒါ ဓာတ်လေးပါး မှီပြီး ပေါ်လာတဲ့အလင်း ။ ဟန်မကျသေးဘူးနော်။

( သဲကုန်းဆရာတော် အရှင် ဥာဏိဿရ )

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ဆုံးမသြ၀ါဒ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(စိတ်ကောင်းပေါ်မှာ သတိလေးဆောင်းပါ)

★ ကျေးဇူးတော်ရှင်မိုင်းဖုန်းဆရာတော်ကြီးရဲ့ ဒုတိယ message ကတော့ စေတနာကောင်းကောင်းထားဖို့ စိတ်စေတနာ ကောင်းကောင်းထားဖို့။ စိတ်စေတနာ ကောင်းကောင်းထားဖို့ဆိုတာ ကာကယံ၊ ၀စီကံ၊ မနောကံ အဲ့ဒီသုံးခုမှာ စေတနာကောင်းကောင်းရှိဖို့၊ ပြောဆိုတဲ့နေရာမှာ၊ လုပ်ကိုင်တဲ့နေရာမှာ တွေးခေါ်ကြံဆတဲ့နေရာမှာ စေတနာကောင်းကောင်းထားဖို့တဲ့။

★ စေတနာကောင်းကောင်းမထားဘူးဆိုရင် ဆရာတော်က ကံတရားနှင့်ပြန်ပြီးတော့ရှင်းပြတယ်။ ဓမ္မပဒထဲမှာ ပါတဲ့ ဂါထာနှစ်ခုပေါ့ မကောင်းစိတ်ထားတယ်ဆိုရင် လှည်းဘီးက နွားရဲ့ဆွဲတဲ့နောက် အမြဲတမ်းလိုက်သလို အဲ့သလိုပဲ မကောင်းတဲ့လုပ်ရပ်လုပ်မိရင် ဒီဆိုးကျိုးပြေးမလွတ်ဘူး။ ကောင်းတယ်လုပ်တယ်ဆိုရင်လည်း မိမိအရိပ်က မိမိနောက်အမြဲတန်းလိုက်နေသလို ကောင်းတဲ့အကျိုးတွေလဲပဲ မပျောက်ဘူး။

★ ဒီနေရာမှာ မြတ်စွာဘုရားက ရှေ့ဆုံးကနေပြီးတော့ လမ်းညွှန်ပြတာ။ ဆရာတော်က ဘာလေးပြတုန်းဆိုတော့ တချို့နေရာတွေမှာ ရပ်တော်မူ လက်ညှိုးထိုးတဲ့ မျက်စွာဘုရားပုံတော်တွေ ရှိတယ်။ အဲ့ဒီ ဆင်းတုတော်တွေ့တယ်ဆိုရင် မြတ်စွာဘုရားက ဒို့ကို ကုသိုလ်နဲ့အကုသိုလ် ဘယ်ဟာကတော့ဖြင့် ဘယ်လမ်းသွားတယ် ဘယ်ဟာကတော့ဖြင့် ဘယ်ဖက်ကိုသွားတယ် အဲ့ဒီဟာကို ညွှန်ပြတယ်လို့ စိတ်ထဲမှာ မှတ်ထားပါတဲ့။

★ တချို့က လောကီယတြာတွေ ယုံကြည်ပြီးတော့ အဲ့လိုလက်ညှိုးထိုးတဲ့ဟာကို ယတြာချေဖို့အတွက် လုပ်တဲ့လူလည်း ရှိတယ်တဲ့။ အဲ့ဒီဟာ ဘုရား၊ တရား၊ သံဃာပေါ်မှာ တကယ်ယုံကြည့်တာ မဟုတ်တော့ဘူး။

★ ဒါကြောင့် မြတ်စွာဘုရားစကား မမေ့နဲ့တဲ့။ ကာယပမာဒ၊ ၀စီပမာဒ၊ မနောပမာဒ – ကာယပမာဒဆိုတာ အလုပ်လုပ်တဲ့နေရာမှာ မေ့လျာ့တယ်၊ ၀စီပမာဒ – ပရမ်းပတာ ပြောဆိုတယ် ကိုယ့်ကိုလည်း ထိခိုက်မယ်၊ သူများကိုလည်း ထိခိုက်မယ်၊ အတင်းတွေပြောမယ်။ မနောပမာဒ – စိတ်ကလည်း ဘာတွေတွေးနေတယ် ဘာတွေခံစားနေတယ် မသိဘူး။

★ အဲ့ဒီလိုဖြစ်တယ်ဆိုရင် လူမသေသေးဘဲ၊ ဘ၀ကသေနေပြီတဲ့။ မမေ့တဲ့ ပုဂ္ဂိုလ်ကြတော့ လူကသေလည်းပဲ နာမည်မသေဘူး။ ပါရမီကလည်းပဲ မသေဘူးတဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၅၆၁ နှစ်ရှိပြီ သူရဲ့ပါရမီ ဒို့များ ယနေ့ထက်တိုင် အားကိုးနေရတုန်းရှိသေးတယ်တဲ့။ မြတ်စွာဘုရားရဲ့ ပါရမီ မသေဘူး အသက်ရှင်နေဆဲ ရှိသေးတယ်။

★ ဒါကြောင့် စိတ်ကောင်းထားပြီးတော့ အဲ့ဒီစိတ်ပေါ်မှာ သတိတရားထပ်ပြီးတော့ ဆောင်းပါ။ စိတ်ကောင်းပေါ်မှာ ဘာလေးဆောင်းရမှာလဲ? သတိတရားဆောင်းပါတဲ့နော်။

★ နံပါတ်(၃)ကတော့ အပ္ပမာဒဆိုတဲ့ သတိတရားကို ဆရာတော်ဘုရားက ချဲ့တယ် အချိန်ရှိနေတဲ့အချိန်မှာ ကြိုးစားဖို့၊ သတိအမျိုးမျိုး မရဏသတိ ဥပမာအားဖြင့် မရဏသတိဆိုရင် သေခြင်းတရားဆိုတာရှိတယ်၊ အချိန်မရွေး ဖြစ်နိုင်တယ်။ အဲ့လိုသိပြီး ကိုယ်ရဲ့မာန်မာနကို လျော့ချဖို့ ရန်မဖြစ်ကြဖို့၊ အဲ့ဒီကနေပြီးတော့ a sense of urgency ဆိုတာ သမထကနေ ဝိပဿနာတွေ ကြိုးစားပြီးတော့ အနည်းဆုံး နိဗ္ဗာန်မျိုးစေ့ရအောင် လုပ်ကြဖို့ ဆရာတော်က အမိန့်ရှိတယ်။

★ နိဗ္ဗာန်က ဗုဒ္ဓသာသနာထဲမှာ နိဗ္ဗာန်ရောက်တဲ့နည်းက ဗုဒ္ဓသာသနာထဲမှာပဲ အဲ့ဒါကို ဆရာတော်ဘုရားကြီးက ပါဠိတွေဂါထာတွေ အများကြီးရွတ်ပြီးတော့ နိဗ္ဗာန်အကြောင်း သတိကနေပြီးတော့ နိဗ္ဗာန်ရောက်တဲ့အကြောင်း ပြောပြတယ်။

★ “သတိတစ်လုံး အပိုင်သုံး အဆုံးနိဗ္ဗူတ” အဲ့ဒါတော့ ဆရာတော်ကိုယ်တိုင်ခဏခဏရွတ်သွားတဲ့ဟာ။ နောက်တစ်ခုက သတိမရှိရင်တဲ့ စိတ်ရဲ့အရည်အသွေးတယ် ရှာရခက်တယ်တဲ့။ မြေအောက်ထဲမှာ ရတနာရှာတာကမှ လွယ်အုန်းမယ်၊ သတိတရား စိတ်စေတနာကောင်း မရှိဘူးဆိုရင် လူရဲ့စိတ်ထဲမှာ အဲ့ဒီအရည်အသွေးတွေ လူ့အရည်အသွေးတွေ ရှာရတာ အင်မတန်မှ ခက်ပါတယ်တဲ့။

ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

(၇.၂.၂၀၁၈) Novotel hotel တွင် ကျင်းပခဲ့သော ကျေးဇူးတော်ရှင် မိုင်းဖုန်းဆရာတော်ဘုရားကြီးဆုံးမသြ၀ါဒခံယူခြင်းနှင့် ပရိတ်တော်များနားကြားခြင်း တရားတော်မှ ရေးသားပူဇော်ပါသည်။

မပျော်ရွှင်အောင်လုပ်တဲ့ အကျင့်

မပျော်ရွှင်အောင်လုပ်တဲ့ အကျင့်
▬▬▬▬▬▬▬▬▬▬▬▬▬
ပျော်ရွှင်မှုအတွက် မရှိမဖြစ် မုဒိတာဆိုတဲ့ အကျင့် – အပိုင်း(၆)

★ အပြင်က အကြောင်းတရားက ရုပ်၀တ္ထုပစ္စည်းက ၁၅-ရာခိုင်နှုန်း။ ကျန်တဲ့ ၂၅-ရာခိုင်နှုန်း ကျတော့ ကိုယ့် Genes ထဲမှာ ပါတယ် – ပျော်ရွှင်တတ်တဲ့ စိတ်ကို၊ ဒီ စိတ်ဖိစီးမှုကိုလွယ်လွယ်ကူကူ ကျော်လွှားတတ်တဲ့ မိဘကနေပြီးတော့ ဆင်းသက်လာတဲ့ ပုဂ္ဂိုလ် အဲဒီ ပုဂ္ဂိုလ်တွေက လောကဓံဒဏ်တွေကို အလွယ်တကူ ကျော်လွှားနိုင်တယ်တဲ့။

★ သူတို့ စိတ်ကို သူတို့ ပြန်ပြီးတော့ positive ဖြစ်အောင် လုပ်နိုင်တယ်။ ပြဿနာ နဲ့ တွေ့ရင်တော့ လူတွေဟာ အနည်းနဲ့အများ Negative thinking ၀င်လာတယ်။ အဆိုးမြင်ဝါဒ ၀င်လာတယ်။ အဆိုးမြင်ဝါဒကနေပြီးတော့ ကိုယ် ဘယ်လို မြန်မြန်ဆန်ဆန် နလန်ထတုန်း နလန်ထူးတုန်း recover ဖြစ်တုန်း အဲဒါအရေးကြီးတယ်။ အဲဒါကို Resilience ခေါ်တယ်။ အဲဒါတွေက genes ပေါ်မှာ မူတည်တယ်။

★ စိတ်ဓာတ်ကျတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ကလေးဆိုရင် စိတ်ဓာတ်ကျဖို့ ရာနှုန်းက အရမ်းများတယ်။ အခု ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide လေ ကိုယ့်ကိုယ်သတ်တဲ့အလုပ်လေ ၂၀၁၆ ခုနှစ်တုန်းက တကမ္ဘာလုံးမှာ တစ်သန်းရှိတယ်တဲ့။ တကမ္ဘာလုံးမှာရှိတဲ့ စစ်ပွဲတွေမှာ ကျဆုံးတဲ့ လူတွေထက် ပိုများတယ်။

★ ဒါကို Silent Killer တိုးတိုးတိတ်တိတ်နဲ့ လူသတ်သမားတွေ စိတ်ဓာတ်ကျလို့ ကိုယ့်ဟာကိုယ် ပျော်ရွှင်အောင် မနေနိုင်လို့။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီနေ့ တရားနာပရိသတ်ဆို လူတိုင်းလူတိုင်း အငယ်ဆုံးလေးကနေစပြီးတော့ အကြီးဆုံးထိ ပျော်ရွှင်စရာအကြောင်းတွေ condition တွေ အပြည့်အစုံရှိတယ်။

★ ဒါပေမဲ့ ပျော်ရွှင်နိုင်တဲ့ အကြောင်းအရာတွေကို သတိမရလို့ဘဲ ဖြစ်ဖြစ် မကြည့်တတ်လို့ပဲ ဖြစ်ဖြစ် ဘာဖြစ်တုန်းဆိုတော့ ပျော်ရွှင်နိုင်ပါရဲ့နဲ့ မပျော်နိုင်သူများ ဖြစ်သွားတယ်။ ဒါကြောင့် ရာခိုင်နှုန်း အနည်းဆုံး (၆၀) တခါတခါကျတော့ ၈၅-ရာခိုင်နှုန်းလောက်။

★ လူတွေရဲ့ ပျော်ရွှင်မှုက ဘယ်အရာက မူတည်တုန်းဆိုတော့ ဘုန်းဘုန်းစာလေးတော့ ဖတ်ပြလိုက်အုန်းမယ်။ သိပ္ပံပညာရှင်တွေ သုတေသနပြုလုပ်ထားတဲ့ဟာ –

We can exert considerable influence on our experience of happiness and unhappiness through the way we live and think, how we perceive life’s events, and how we react to them.

★ တွေ့ရတဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေ ဒီအတွေ့အကြုံပေါ်မှာ ကိုယ်ဘယ်လိုတွေးတယ် how we perceive that ကိုယ်က ဘယ်လိုသဘောထားတယ် အဲဒီအပေါ်မှာ အများကြီး မူတည်တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်စိတ်ထားဖို့က အနည်းဆုံး ၆၀-ရာခိုင်နှုန်းကနေပြီးတော့ ၈၅-ရာခိုင်နှုန်းထိ အရေးပါတယ်တဲ့။ Genes ကိုလည်း သူက Cover လုပ်တယ်လေ။ အဲလိုဖြစ်တယ်။

★ မပျော်ရွှင်အောင်လုပ်တဲ့ အကျင့်တစ်ခုကတော့ မုဒိတာနဲ့ ဆန့်ကျင်ဘက်အကျင့်။ အဲဒါတော့ ဘာတုန်းဆိုတော့ ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်တာ။ ဘယ်သူစီးတဲ့ ကားကတော့ ပိုပြီးတော့ စျေးကြီးတယ်။ ဘယ်သူ၀တ်တဲ့ အ၀တ်က သူ့လုံချည်က ပိုစျေးကြီးတယ်။ ဘယ်သူ့နာရီက ပိုစျေးကြီးတယ်။ ကိုယ့်နာရီက ပိုစျေးကြီးတယ်ဆိုတာ ကိုယ် အဲနေ့ကမှာ တခါတည်း ပျော်ပြီးတော့ မြှောက်ကြွမြှောက်ကြွ ဖြစ်နေတာ။

★ အောင်နိုင်သူရဲ့ မာန။ အထက်မာန superiority complex ။ ဒါပေမဲ့ အဲပျော်ရွှင်မူက ပျော်ရွှင်မှု အစစ်မဟုတ်ဘူး။ မာန ဆိုတဲ့ element မာန ဆိုတဲ့ စိတ်ခံစားမှုကို မြတ်စွာဘုရားက အကုသိုလ်တဲ့ unskillfull, Unskillful Emotion ကျွမ်းကျင်မှု မရှိတဲ့ emotion တွေ မကျွမ်းကျင်တဲ့ emotion တွေ ဒုက္ခနည်းအောင် သူ မလုပ်နိုင်ဘူး။ သူ့ကို skillfull မခေါ်ဘူး။

★ သူများနဲ့ အမြဲတမ်းနှိုင်းယှဉ်ပြီးတော့ ကိုယ့်ကိုယ်ကို စိတ်ညစ်အောင် လုပ်တဲ့သူတွေ အများကြီး ရှိတယ်တဲ့။ ဒါ လန်ဒန် စီးပွားရေးတက္ကသိုလ် London School of Economics က ပါမောက္ခ Richard Layard သူပြောတဲ့ဟာ။

One of the main sources of people’s discontent comes from comparing themselves with others in their family, at their workplace, and among their acquaintances.

★ မိသားစုထဲမှာလည်း အချင်းချင်းပြိုင်ကြတယ်၊ လုပ်ငန်းခွင်မှာလည်းပဲ ပြိုင်ကြတယ်၊ ဘယ်သူ့ကိုတော့ဖြင့် သူဌေးက မျက်နှာသာပေးတယ်။ ဒို့ကျတော့ ခေါ်တောင်မခေါ်ဘူး။ သူဌေးက ငါ့ကို ပိုပြီးတော့ မျက်နှာသာပေးတယ်။ ဟိုဘက်လူကျတော့ သူဌေးက လုံးဝတောင် ဂရုမစိုက်ဘူး ဒါမျိုးတွေ အမြဲတမ်း နှိုင်းယှဉ်တယ်။

★ မနှိုင်းယှဉ်ရင် ဒီလို မတိုးတတ်ဘဲ နေလိမ့်မှာပေါ့။ ဒီလို ငြင်းစရာရှိတယ်။ နှိုင်းယှဉ်ပြီးတော့ သူများထက်သာအောင် ကြိုးစားမှ သူများထက် တိုးတတ်သွားမှာပေါ့။ ဥပမာ မြန်မာနိုင်ငံ ဘယ်နှစ်နှစ်ကြာရင် စင်ကာပူထက်သာမယ် အဲလိုပြောပြီးတော့ မခံချင်တဲ့စိတ်ဖြစ်အောင် ကြိုးစားမယ်ဆိုရင် ကောက်ရိုးမီးပုံဖြစ်သွားမယ်။

★ ဒီလိုစိတ်ဓာတ်မျိုးက မခံချင်အောင်လုပ်တဲ့ စိတ်ဓာတ်မျိုးက အကြာကြီးမခံဘူး အကြာကြီးမခံဘူး။ Motivation လိုက်ရှာတာ အဲဒီဟာကို motivation သွားယူရင် အကြာကြီးမခံဘူး ဘာဖြစ်လို့တုန်းဆိုတော့ မခံချင်တဲ့စိတ်လုပ်တာကိုး။ သူက skillfull မဖြစ်ဘူး။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“ပျော်ရွှင်မှုအတွက် မရှိမဖြစ် မုဒိတာဆိုတဲ့အကျင့် (၂၉.၁.၂၀၁၉ လွိုင်ကော်)” တရားတော်မှ ရေးသားပူဇော်ပါသည်။

photo credit #SSBU

လောကပါလ တရား

လောကပါလ တရား


လောကကြီးကို စောင့်ရှောက်နေတဲ့ တရားကို ” လောကပါလ တရား” လို့ ခေါ်တယ်။ ဟိရီ ( အရှက်) တရားနှင့် သြတ္တပ္ပ ( အကြောက်) တရားပါပဲ။

ဟီရိဆိုတာ မကောင်းမှုလုပ်ရမှာ ရှက်တာ၊ မစင်ကို စက်ဆုပ်သလို မကောင်းမှုကို စက်ဆုပ်တယ်။ မကောင်းမှုကို နည်းနည်းမှ မလုပ်ချင်ဘူး။

အကုသိုလ်လို့ ပြောလိုက်တာနဲ့ နှာခေါင်းရှုံ့သွားတယ်ပေါ့။

သြတ္တပ္ပဆိုတာ မကောင်းမှုလုပ်ရမှာ ကြောက်တာ။ မီးခဲကို မကိုင်ရဲသလို မကောင်းမှု လုပ်ရမှာ ကြောက်တယ်။

အကုသိုလ်ဆိုလိုက်တာနဲ့ နောက်တွန့်သွားတယ်။ လုပ်ရမှာ ဝန်လေးသွားတယ်။

အရှက်တရား

ကိုယ့်ဂုဏ် ကိုယ့်သိက္ခာကို ငဲ့ပြီး အကုသိုလ်ရှောင်ရင် ဟိရီ (အရှက် တရား) ပဲ ဖြစ်ပါတယ်။

“ဒီဒုစရိုက် ငါ လုပ်လိုက်ရင် ငါရဲ့ ဂုဏ်သိက္ခာ ကျသွားလိမ့်မယ်” ဆိုပြီး အကုသိုလ်ကို ရှောင်လိုက်တယ်။ ဒါ”ဟိရီ ” ပါပဲ။

လောကမှာ နာမည်ပျက်သွားရင် အဖတ်ဆယ်လို့ မရတော့ဘူးလေ။ ဒါကြောင့် နာမည် မပျက်အောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရတယ်။

စာရေးဆရာကြီး တစ်ယောက်ရဲ့ ဆောင်ပါးလေးတစ်ပုဒ်။ သူ့အကြောင်း ရေးထားတာ။ မှတ်သားစရာ အလွန်ကောင်းတယ်။

တစ်ရက်၊ စာရေးဆရာကြီးဟာ နယ်ဘက်ကို စာပေဟောပြောပွဲသွားတယ်တဲ့။ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီ အဖွဲ့က သူ့ကို ဟိုတယ်မှာ ထားတယ်။ ကြိုက်သလို သုံးဆောင်ပါဆိုပြီး ရေခဲသေတ္တာထဲမှာ ယမကာမျိုးစုံ ထည့်ပေးခဲ့တယ်။

အစကတော့ သောက်ချင်စိတ်ဖြစ်သေးတယ်တဲ့။ ဒါပေမဲ့ “ငါသောက်လိုက်ရင် ကဲ့ရဲ့စရာ ဖြစ်လိမ့်မယ်၊ သူတို့က ငါကို လေးစားလို့ ဖိတ်တာ၊ သူများကို ဆရာလုပ်တဲ့သူက အရက်မူးနေတယ် ဆိုတော့ မဖြစ်သင့်ဘူး၊ ဒီတော့ ငါမသောက်တော့ဘူး” ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါ ဟိရီပါပဲ၊

တချို့ စာရေးဆရာတွေ စင်ပေါ်မှာ တက်ပြီး စာပေ ဟောပြောတာ မှန်တယ်။ ဒါပေမဲ့ အရက်နံ့ တထောင်းထောင်းနှင့် ဟောပြောနေလေရဲ့။

ဓားကိုင်ပြီး မေတ္တာပို့နေရင်တော့ အမြီး အမောက် မတည့်ဘူးလေ။

ဒါကြောင့် စာရေးဆရာကြီးဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ပြီး အရက်ကို ရှောင်လိုက်ပါတယ်။ ဒါ “ဟိရီ” ပဲ ဖြစ်ပါတယ်။

အကြောက်တရား

ပတ်၀န်းကျင်ကို ငဲ့ပြီး အကုသိုလ်ရှောင်ရင် ” သြတ္တပ္ပ (အကြောက်တရား) ” ပါပဲ။

လူတိုင်းလူတိုင်း ပတ်ဝန်းကျင်ဆိုတာ ရှိတယ်။ မိဘ ရှိတယ်, ဆရာ ရှိတယ်၊ မိတ်ဆွေ ရှိတယ်၊ ရပ်ရွာ ရှိတယ်၊ နိုင်ငံ ရှိတယ်။

ကိုယ့်ရဲ့လုပ်ရပ်တိုင်းဟာ ပတ်ဝန်းကျင်မှာ သက်ရောက်မှု ရှိသည့်အတွက် ပတ်ဝန်းကျင်ကို ထောက်ထားဖို့ လိုတယ်။

“ငါ မကောင်းတာ လုပ်ရင် ငါပဲ ခံရမှာပဲ” လို့ ဒီလို မတွေးနဲ့။ “ငါ လုပ်ရင် ငါခံရသလို ငါ ပတ်ဝန်းကျင်လဲ ခံရလိမ့်မယ်” လို့ ဒီလိုလည်း သတိပြု ရမယ်။

လောကမှာ မိဘ အချိုးမကျလို့ သားသမီးတွေ မျက်နှာ ပျက်ရတာတွေ အများကြီးပဲ။ သားသမီး အချိုးမကျလို့ မိဘမျက်နှာပျက်ရတာတွေလည်း အများကြီးပဲ။

ဒါကြောင့် ပတ်ဝန်းကျင်ကို ထောက်ထားပြီး မဟုတ်တာ မလုပ်ဖြစ်အောင် ရှောင်ကြဉ်ရမယ်။

လူငယ်လေးတစ်ယောက် သူ့အကြောင်းကို လျှောက်ဖူးတယ်။ သူက ပြည်ပမှာ နေနေတာ။ ဒီတော့ နိုင်ငံခြားသားတွေနဲ့ အတူတူ အလုပ်လုပ်ရတယ်။

“အရှင်ဘုရား တချို့နိုင်ငံခြားသားတွေကို မြန်မာတွေဆိုရင် အထင်သေးတယ်ဘုရား၊ အဲဒါကို တပည့်တော် မခံချင်ဘူး၊ ဒါကြောင့် မြန်မာတွေကို အထင်မသေးရဲအောင် အလုပ်လုပ်ရင် တပည့်တော် တိတိကျကျ လုပ်တယ်၊ အတိမ်းအစောင်း မခံဘူး၊ စောစောသွားတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး၊ အသောက်အစား မလုပ်ဘူး၊ စကားကို အပို မပြောဘူး၊ ကြာလာတော့ တပည့်တော်ကို လေးလေးစားစား ဆက်ဆံလာကြတယ်ဘုရား” တဲ့။

သူ့စိတ်ဓာတ်ကို မြင်အောင် ကြည့်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို နိုင်ငံခြားသားတွေ အထင်သေးတာကို မခံချင်ဘူး။ ဒါကြောင့် မဟုတ်တာ မလုပ်ဘူး၊ မဟုတ်တာ မပြောဘူးတဲ့။ ဒါ ပတ်ဝန်းကျင်ကို ငဲ့ကွက်တာပဲ။

ဒါကြောင့် ဘာပဲလုပ်လုပ်၊ ပတ်ဝန်းကျင်ကို ထောက်ထားရမယ်။ ပြောချင်တာက ကိုယ်တည်းဟူသော အကြောင်းကြောင့် ကိုယ့်ပတ်ဝန်းကျင် မထိခိုက်စေရဘူးလို့ ဆိုလိုတယ်။ ဒီလိုစိတ်ဓာတ်မျိုးကို ” သြတ္တပ္ပ” လို့ ခေါ်ပါတယ်။

လောကပါလတရားဆိုတာ အင်မတန် အရေးကြီးတယ်။ လောကပါလတရား ထွန်းကားလေ လောကကြီးက သာယာလေပါပဲ။ ဒါကြောင့် ကိုယ်နေတဲ့ လောကကြီးကို စောင့်ရှောက်သောအားဖြင့် ဟိရီနှင့် သြတ္တပ္ပတရားကို ကြိုးစားပြီး ကျင့်သုံးရမှာ ဖြစ်ပါတယ်။


သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

ကိုယ့်ကိုဝေဖန်လာရင် စိတ်မညစ်အောင် ဘယ်လိုစိတ်ထားရမလဲ? ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (ဓမ္မအမေးအဖြေ)

ကိုယ့်ကိုဝေဖန်လာရင် စိတ်မညစ်အောင် ဘယ်လိုစိတ်ထားရမလဲ?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေးအဖြေ)

👤 မေး။ ။ တခြားလူတွေရဲ့ ဝေဖန်ထောက်ပြမှု criticize ခံရရင် စိတ်မညစ်ဘဲ ခံနိုင်အောင် မည်သို့ စိတ်ထားရမှပါလဲ ဘုရား။

💡 ဖြေ။ ။

★ “ကိုယ့်ကို ဝေဖန်တဲ့လူက ကိုယ့်ရဲ့ဆရာပဲ” ဆိုတာ ရှင်သာရိပုတ္တရာ… ရှင်သာရိပုတ္တရာက ပညာအရာမှာ မြတ်စွာဘုရားပြီးရင် အကြီးဆုံးလို့ပြောတယ်။

★ အဲဒါ ကိုရင်လေးတစ်ပါးက သူ့ကိုလာပြီးတော့ ပြောတယ် “ဆရာတော် ဆရာတော့်သင်္ကန်း သိပ်မညီဘူး” ဆိုတာကို အဲ့ကိုရင်လေးကို ကျေးဇူးတယ်။ ဘာဖြစ်လို့ ကျေးဇူးတင်တုန်း သူ့ကိုယ်သူ သူ အမြဲတမ်း improve လုပ်ချင်တယ်။

★ ဒီလိုလာပြောတဲ့ပုဂ္ဂိုလ် တစ်နေ့တစ်နေ့ကို ပင်လယ်ပြင်က သဲလုံးလောက်ရှိရင်ကောင်းမှာပဲ အဲ့လိုစိတ်မျိုး နဂိုတည်းကမွေးထားတယ်။ မွေးထားတဲ့အခါမှာ #လူတွေလာပြီးတော့ပြောတယ်ဆိုရင် #ဟုတ်တယ်ဆိုရင် #ကျေးဇူးတင်လိုက်။ #မဟုတ်ဘူးဆိုရင် အော် သူ #နားမလည်လို့ဆိုပြီး #ခွင့်လွတ်တယ်။

★ သူများလာပြောတဲ့အခါမှာ ကိုယ့်စိတ်ထဲမှာ အရမ်းကိုတုန်လှုပ်သွားတာ ဘာကြောင့်တုန်လှုပ်သွားတုန်းဆို နဂိုကတည်းက ငါ perfect ဖြစ်တယ်၊ ငါ အတတ်နိုင်ဆုံးကြိုးစားတယ်၊ ငါ အပြစ်ကင်းစင်တယ် အဲလိုမြင်ထားလို့၊ #perfect #ဖြစ်တယ်လို့ #ကိုယ့်ကိုယ်ကိုယ်မြင်ထားလို့။

★ #အဲဒီအမြင်လေးကြောင့် အဲဒီ perception ကြောင့် #သူများပြောတာကို #မခံနိုင်ဘူး။

သူတို့ပြောတဲ့အခါမှာ #သူတို့က #မကောင်းတဲ့စိတ်ထားနဲ့ပြောရင် #နှိမ်ချချင်တဲ့ #စိတ်ထားနဲ့ပြောရင် #သူတို့ကို #သွားပြီးတော့ သနားလိုက်။

★ “အော် သူ့စိတ်ထဲမှာ မလုံမခြုံဖြစ်နေလို့ ငါ့ကို နှိမ်ရတဲ့အခါကျမှ သူ့စိတ်ထဲမှာ နေသာထိုင်သာရှိတယ်” ဆိုပြီးတော့ ပြောတဲ့လူရဲ့ insecure feeling ကို သွားပြီးတော့ ခံစားပေးလိုက် အဲဒါဆို သူပြောတာ ကိုယ့်ဆီ ရောက်မလာတော့ဘူး။

★ “နတ္ထိ လောကေ အနန္ဒိတော” တဲ့ ဘုရားရဟန္တာတောင်မှ လောကကြီးထဲမှာ အဝေဖန် မခံရတာ မရှိဘူး။ ဘုန်းဘုန်းတို့ ငယ်ငယ်ကတည်းက ဆရာသမားတွေ အဲ့လိုသင်ပေးတယ် “နတ္ထိ လောကေ အနန္ဒိတော” ပါဠိလိုပေါ့ ၊ လောကကြီးထဲမှာ အဝေဖန်မခံရတဲ့လူ မရှိဘူး။

★ အဲဒါတင်မကဘူး ၀ါကျွတ်တဲ့နေရမှာ ပဝါရဏာနေ့မှာ တမင်သက်သက်ဖိတ်ရတယ်။ တခြားရဟန်းတော်တွေကို ကိုယ့်ကို criticize လုပ်အောင် ဖိတ်ရတယ်။ သတင်းစာထဲမှာ ရေးထားတဲ့ စောင်းပါးလေးတစ်ခုရှိတယ် ဒါနဲ့ပတ်သတ်ပြီးတော့။

★ ဆိုချင်တာက #လောကကြီးထဲမှာနေတာ #ကိုယ့်ရှေ့မှာဝေဖန်တဲ့လူနဲ့ #ကိုယ့်နောက်မှာဝေဖန်တဲ့လူ အဲဒါပဲကွာတယ်။ #ဝေဖန်တဲ့လူတွေရှိတာကြည့်ပဲ။

★ ကိုယ့်ကို ဝေဖန်တဲ့နေရာမှာ သူတို့ဝေဖန်တာကို စိတ်ဝင်စားတယ် ပြန်ပြီးတော့မေးကြည့်တယ် ဒါက ဒီလိုလား ဒါ ဟုတ်လား အဲ့လို မေးရဲတဲ့သတ္တိရှိရင် ကိုယ့်ရဲ့စိတ်က အရမ်းကို ခိုင်မာသွားပြီ။

★ အဲလိုမဟုတ်ဘဲနဲ့ ဆင်ခြေဆင်လက်တွေပေးနေရတယ် ကိုယ့်စိတ်ထဲမှာ မလုံတော့ အဲလိုဖြစ်တာ။ အပြစ်ရှိလို့ မလုံတာ မဟုတ်ဘူး။

★ ကိုယ့်ကိုယ်ကိုယ် perfect ဖြစ်တယ် ယူဆပြီးတော့ သူများလာပြောတဲ့အခါမှာ ငါ့ အပြစ်ကိုမြင်သေးတယ် ဆိုပြီးတော့ သူများ ကိုယ့်အပြစ်ကို လာပြောတာနဲ့ နှိမ့်ကျသွားပြီ အောက်ကျသွားပြီ စိတ်ထဲမှာ သွားပြီးတော့ ယူဆတယ်။ အဲဒီ အယူအဆကြောင့် စိတ်ညစ်တာ။ အဲဒီ အယူအဆမရှိဘူးဆိုရင် စိတ်မညစ်ဘူး။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“တက္ကသိုလ်ကျောင်းသား/သူများအတွက် စိတ်ဖိစီးမှူကိုင်တွယ်ရေး အပိုင်း(၂) (၂၂.၁.၂၀၂၀) (ဇဗ္မူသီရိဗိမာန် ရန်ကုန်)” တရားတော် အမေးအဖြေကဏ္ဍမှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။

Photo credit – #ဘုန်း

မြတ်စွာဘုရားကို အာဠာဝကကြီးကမေး တယ်။ “ဘာကိုကျင့်သုံးရင် ချမ်းသာ မလဲ”တဲ့။

မြတ်စွာဘုရားကို အာဠာဝကကြီးကမေး
တယ်။ “ဘာကိုကျင့်သုံးရင် ချမ်းသာ
မလဲ”တဲ့။

မြတ်စွာဘုရားက “ဓမ္မကိုကျင့်သုံးရင်ချမ်းသာမယ်” ဒါ ဘာပြောတာလဲ ဆိုတော့
သူများအသက်သတ်ခြင်းမှရှောင်ရမယ်၊
သူများဥစ္စာခိုးခြင်းမှရှောင်ရမယ်၊ သူတစ်ပါး
သားမယား ကျူးလွန်ခြင်းမှ ရှောင်ရမယ်၊
ဒါက ကိုယ်ထိလက်ရောက် ရှောင်စရာ။

နှုတ်နဲ့ပတ်သက်ပြီး လိမ်ပြောတာ ရှောင်ရ
မယ်၊ မှန်တာကိုပဲ ပြောရမယ်။ ဂုံးတိုက်တာ
ရှောင်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက်
ညီညွတ်အောင် ဟောပြော ပေးရမယ်၊
ကြမ်းတမ်းတဲ့စကားပြောတာ ရှောင်ရမယ်၊
ယဉ်ကျေးသိမ်မွေ့စွာ ပြောရမယ်၊ အကျိုးမဲ့
စကားတွေပြောတာ ရှောင်ရမယ်၊ အကျိုးရှိ
တာကိုသာ ပြောရမယ်။ ဒါက ဝစီသုစရိုက်။

သူများပစ္စည်းရလိုမှု လောဘ နဲ့မတွေးနဲ့၊
သူများပျက်စီးစေလိုမှု ဒေါသနဲ့ မတွေးနဲ့၊
ကံကံရဲ့ အကျိုးကို ကံဆိုတာရှိတယ်၊
ကံ၏အကျိုးဆိုတာရှိတယ်လို့ လက်ခံ
သိမြင်ရမယ်၊ အဲဒီအတိုင်း လိုက်နာကျင့်သုံး
ရင် အဲဒါ ဓမ္မ practice ပဲ၊
ဒါကိုပြောတာ “ဓမ္မာ သုစိဏ္ဏာ သုခမာဝဟ
တိ- ဓမ္မကို ကျင့်သုံးရင် ချမ်းသာသုခရပါ
တယ်” တဲ့။

သို့သော် လောကလူတွေထင်နေတာက
အဓမ္မ ကိုကျင့်သုံးရင် ချမ်းသာတယ်
လို့ ထင်နေကြတာ။
အထင်အမြင်က အဲဒီလိုဖြစ်နေတယ်၊
ဟုတ်ကဲ့လား။ ဒါကြောင့်မို့ကောင်းမယ်ထင်
လို့ မကောင်းတာလုပ်ကြတယ်လေ။
ဟိုနားလိမ်သွားပြန်ပြီ၊ ဒီနား လိမ်သွားပြန်ပြီ၊
ဒါတွေက ဒုက္ခရောက်ဖို့တွေချည်းပဲ။
ဟိုနားဖြင့် သတ်သွားပြန်ပြီ၊ ဒါ ဒုက္ခရောက်
မယ့်ကိစ္စချည်းပဲ။ အဲဒါကြောင့် ချမ်းသာဖို့
အတွက် ဓမ္မကိုကျင့်သုံး၊ ဓမ္မကိုကျင့်သုံးရင်
ကိုယ်လည်းချမ်းသာတယ်၊ ပတ်ဝန်းကျင်
လည်း ချမ်းသာတယ်။ နှစ်ဦးနှစ်ဝ ချမ်းသာ
တာ။
ဒါကြောင့် မြတ်စွာဘုရားက ဘာလုပ်ရင်
ချမ်းသာမလဲ ဆိုတဲ့ အမေးမှာ ဒီအဖြေကိုယူ
လိုက်တာ။

တရားချစ်ခင် သူတော်စင် ပရိသတ်တို့
ကုသလကမ္မပထ လို့ဆိုတဲ့ ဒီဓမ္မကို ကျင့်သုံး
ရင် ချမ်းသာတယ်လို့ ဒီလိုမှတ်ရမယ်။
တခြားနည်းနဲ့ ဓမ္မကို ကြည့်လိုက်မယ်ဆိုရင်
ဒါန၊ သီလ၊ ဘာဝနာသည် ဓမ္မ၊ ဒါနကိုပြုရင်
ဒါနကုသိုလ်၊ သီလကို ဆောက်တည်ရင်
သီလကုသိုလ်။ သမထ ကျင့်စဉ်, ဝိပဿနာ
ကျင့်စဉ်ကို ကျင့်ရင် ဘာဝနာ ကုသိုလ်၊ အဲဒီ
ကုသလဓမ္မတွေ ကျင့်သုံးရင် မချမ်းသာဘူး
လား၊ ချမ်းသာတယ်။
ချမ်းသာခြင်း၏အကြောင်းပဲ၊ ဒါကို ဖြေတာ
ကိုယ့်ဘဝအရေးမှာ ကိုယ်လျှောက်နေတဲ့လမ်းကို ဆန်းစစ်ရမယ်နော်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Posted_by_Words_of_Buddha

[ ဘဝအရေး စိတ်အေးရလေအောင်
တရားတော်မှ ]

ဤကိုယ်ခန္ဓာ မရဏာနုဿတိဘာဝနာ ပွားကြပါစို့။

[ Zawgyi + Unicode ]

ဤကိုယ်ခန္ဓာ
မရဏာနုဿတိဘာဝနာ ပွားကြပါစို့။

သူက-ငါက ဤကာယကို
လှတယ်-ယဉ်တယ် ချစ်စဖွယ်ဟု
ဘယ်သို့ ဘယ်ဝါ ဖွဲ့နွှဲ့ပါလည်း
ဤကာယအိုး အတွင်းဆိုးကို
တစ်မျိုးပြီးလျှင် တစ်မျိုးဆင်လျှက်
နေ့စဉ်ခဏ ရွံဖွယ်ပြခဲ့။

အာဟာရဟင်း ထမင်းတစ်သွယ်
ဖွယ်ဖွယ်ရာရာ ပြင်ကာမျိုကြ ဝမ်းထဲကျသော်
သလိပ်ကနှော တံထွေးရောလျက်
အဟောသိစစ် မစင်ဖြစ်၍
ညစ်ညမ်းယုတ်စွာ အပုပ်သာလျှင်
ထုတ်ကာထွက်ကျ နေ့စဉ်ပြ၏။

ဒွါရကိုးပါး ကိုယ်တံခါးမှ
အားထားဖွယ်ရာ ဘာတစ်ခုမျှ ရှာမရဘဲ
ခဏခဏ စီးကျထုတ်လာ
အပုပ်သာတည်း။

သာယာဖွယ်များ ရှိလိမ့်လားဟု
အားထားရေးယူ ရှာလေမူလည်း
အူလိပ်ခွေခွေ သလိပ်တွေနှင့်
သည်းခြေ-အသည်း သလိပ်ခဲပြင်
အတွဲနှစ်လုံး အသုံးမကျ အသုဘသာ
တွေ့ရပါ၏။

ဝါဝါရွှေရွှေ အရေပြားဖြင့်
ရွှေသားလိုလို အထင်ပိုလည်း
ဤကိုယ်ကာယ ရပ်ဌာနမှ ထလာပေါက်လာ
အနာလီလီ ပြည်တစ်စိုစို
သွေးတွေယိုလျှက် ပုပ်သာထွက်ခဲ့။

ရက်ဆက်နေ့စဉ် ပြင်ဆင်၍သာ မသိသာခဲ့
ဗလာပစ်ထား မလေးစားသော်
နံကာဟောင်ကာ ညှီပုပ်လာ၍
ဆင်းမှာဆုတ်ယုတ် ပုပ်သဘာဝ ရုပ်ကာယက
ပြသဟုတ်စွာ သရုပ်ပါလိမ့်
အနာကညှင်း ဇရာပင်းလျက် အဆင်းညှိုးချေ
အရေတွန့်လျှက် အားတွေပျက်၍
မသက်မသာ ပျက်ခန္ဓာတည်း။

တဏှာမာန သဘာဝဖြင့်
ငါ့ကိုယ် ငါ့ကိုယ် တစ်ဆိုဆိုလျှင်
ကိုယ်ကိုယုယ ပြုစုကြလည်း
ကမ္မဇရုပ် စိတ်ကချုပ်လျှက်
သေမင်းလက်တွင် အသက်ငင်သော်
မြေတွင်မြှုပ်ကြ စွန့်ပစ်ကြသည့်
ဓမ္မတံထွာ ဆင်ခြင်ပါသော်
ဘယ်မှာ ငါ့ကိုယ်ရှိပါလိမ့်။ ။

မရဏာနုဿတိဘာဝနာ ပွားကြပါစို့။

မရဏံ မေ ဘဝိဿတိ
ဇီဝိတံ မေ နိရုဇ္ဈိဿတိ၊
နိယတံ မရဏံ မေ’ တိ
ဘာဝမေိ မရဏဿတိံ။

မေ – ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို
သည်ကာပိုးထုပ် အကျွန်ုပ်၏။
မရဏံ – စုတိပျက်ကြွေ
အခြေပယွင်း သေရခြင်းသည်။
ဘဝိဿတိ – ဘယ်ရွေ့နေရ ဘယ်နေ့သေရ
ဘယ်မျှမသိ သေရမည့်အရေး
ပြေးမလွတ်သာ ဖြစ်လိမ့်မည်
ဧကန်သာတည်း။

မေ – တစ်ဘဝသာ ခဏတာမျှ
နေရမည်ဖြစ်သော အကျွန်ုပ်၏။
ဇီဝိတံ – ရုပ်နာမ်နှစ်ချက် ဇီဝသက်သည်။
နိရုဇ္ဈိဿတိ – တစ်နေ့ကျတော့ ချုပ်ရမည်ဧကန်
အမှန်ပင် ဖြစ်ပါတော့သတည်း။

သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသော
မရဏာနုဿတိကထာ မှ ကောက်နှုတ်ချက်။
ဦးဓမ္မသာရ(ဆေးသဲ့တောင်)ပူဇော်ပါသည်။


ဤကိုယ်ခန္ဓာ
မရဏာနုဿတိဘာဝနာ ပွားကြပါစို့။

သူက-ငါက ဤကာယကို
လှတယ်-ယဉ်တယ် ချစ်စဖွယ်ဟု
ဘယ်သို့ ဘယ်ဝါ ဖွဲ့နွှဲ့ပါလည်း
ဤကာယအိုး အတွင်းဆိုးကို
တစ်မျိုးပြီးလျှင် တစ်မျိုးဆင်လျှက်
နေ့စဉ်ခဏ ရွံဖွယ်ပြခဲ့။

အာဟာရဟင်း ထမင်းတစ်သွယ်
ဖွယ်ဖွယ်ရာရာ ပြင်ကာမျိုကြ ဝမ်းထဲကျသော်
သလိပ်ကနှော တံထွေးရောလျက်
အဟောသိစစ် မစင်ဖြစ်၍
ညစ်ညမ်းယုတ်စွာ အပုပ်သာလျှင်
ထုတ်ကာထွက်ကျ နေ့စဉ်ပြ၏။

ဒွါရကိုးပါး ကိုယ်တံခါးမှ
အားထားဖွယ်ရာ ဘာတစ်ခုမျှ ရှာမရဘဲ
ခဏခဏ စီးကျထုတ်လာ
အပုပ်သာတည်း။

သာယာဖွယ်များ ရှိလိမ့်လားဟု
အားထားရေးယူ ရှာလေမူလည်း
အူလိပ်ခွေခွေ သလိပ်တွေနှင့်
သည်းခြေ-အသည်း သလိပ်ခဲပြင်
အတွဲနှစ်လုံး အသုံးမကျ အသုဘသာ
တွေ့ရပါ၏။

ဝါဝါရွှေရွှေ အရေပြားဖြင့်
ရွှေသားလိုလို အထင်ပိုလည်း
ဤကိုယ်ကာယ ရပ်ဌာနမှ ထလာပေါက်လာ
အနာလီလီ ပြည်တစ်စိုစို
သွေးတွေယိုလျှက် ပုပ်သာထွက်ခဲ့။

ရက်ဆက်နေ့စဉ် ပြင်ဆင်၍သာ မသိသာခဲ့
ဗလာပစ်ထား မလေးစားသော်
နံကာဟောင်ကာ ညှီပုပ်လာ၍
ဆင်းမှာဆုတ်ယုတ် ပုပ်သဘာဝ ရုပ်ကာယက
ပြသဟုတ်စွာ သရုပ်ပါလိမ့်
အနာကညှင်း ဇရာပင်းလျက် အဆင်းညှိုးချေ
အရေတွန့်လျှက် အားတွေပျက်၍
မသက်မသာ ပျက်ခန္ဓာတည်း။

တဏှာမာန သဘာဝဖြင့်
ငါ့ကိုယ် ငါ့ကိုယ် တစ်ဆိုဆိုလျှင်
ကိုယ်ကိုယုယ ပြုစုကြလည်း
ကမ္မဇရုပ် စိတ်ကချုပ်လျှက်
သေမင်းလက်တွင် အသက်ငင်သော်
မြေတွင်မြှုပ်ကြ စွန့်ပစ်ကြသည့်
ဓမ္မတံထွာ ဆင်ခြင်ပါသော်
ဘယ်မှာ ငါ့ကိုယ်ရှိပါလိမ့်။ ။

မရဏာနုဿတိဘာဝနာ ပွားကြပါစို့။

မရဏံ မေ ဘဝိဿတိ
ဇီဝိတံ မေ နိရုဇ္ဈိဿတိ၊
နိယတံ မရဏံ မေ’ တိ
ဘာဝမေိ မရဏဿတိံ။

မေ – ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို
သည်ကာပိုးထုပ် အကျွန်ုပ်၏။
မရဏံ – စုတိပျက်ကြွေ
အခြေပယွင်း သေရခြင်းသည်။
ဘဝိဿတိ – ဘယ်ရွေ့နေရ ဘယ်နေ့သေရ
ဘယ်မျှမသိ သေရမည့်အရေး
ပြေးမလွတ်သာ ဖြစ်လိမ့်မည်
ဧကန်သာတည်း။

မေ – တစ်ဘဝသာ ခဏတာမျှ
နေရမည်ဖြစ်သော အကျွန်ုပ်၏။
ဇီဝိတံ – ရုပ်နာမ်နှစ်ချက် ဇီဝသက်သည်။
နိရုဇ္ဈိဿတိ – တစ်နေ့ကျတော့ ချုပ်ရမည်ဧကန်
အမှန်ပင် ဖြစ်ပါတော့သတည်း။

သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသော
မရဏာနုဿတိကထာ မှ ကောက်နှုတ်ချက်။
ဦးဓမ္မသာရ(ဆေးသဲ့တောင်)ပူဇော်ပါသည်။

CRD ~

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

ဒီလို ဆရာတော်မျိုး နောင်ပေါ်ဖို့ မလွယ်

ဒီလို ဆရာတော်မျိုး နောင်ပေါ်ဖို့ မလွယ်
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

နိုင်ငံခြားမကြွလိုပါ
~~~~~~

 ယောဆရာတော်ကြီးသည် ငယ်စဉ် 

စာသင်သားဘဝကပင် မည်သည့်နေရာကို
မျှ အလည်အပတ်ကြွလေ့မရှိပေ။
စာဖြေခြင်း၊ တရားဟောကြွခြင်း၊
သံဃာ့ကိစ္စဖြင့်ကြွခြင်း စသည့်ကိစ္စများ
ဖြင့်သာ ထိုထိုမြို့ရွာများသို့ ရောက်ရှိရ
ခြင်းဖြစ်သည်။

ဘုရားဖူး အကြောင်းပြ၍လည်း ကြွလေ့
မရှိပါ။ တပည့်များက ဘုရားဖူးကြွမလို့ပါ
ဘုရားဟု လျှောက်လျှင်လည်း လက်မခံ
” သိမ်ထဲကဘုရားကို ဖူးသွားဦးလေ၊
အတူတူပဲ မဟုတ်လား”ဟုမိန့်လေ့ရှိသည်။

 ဗုဒ္ဓဂါယာသို့ကြွဖို့ရန် ဒါယကာများက 

လျှောက်ထားကြလျှင်လည်း
” နှလုံးသားထဲမှာ ဘုရားတည်ထားပါပြီ၊
အတူတူပါပဲ၊ မကြွပါရစေနဲ့ ” ဟုမိန့်၍
ကြွလေ့မရှိပါ။

 နိုင်ငံရပ်ခြားသို့ ကြွဖို့ရာ အကြောင်း

အမျိုးမျိုးဖြင့် လျှောက်ထားကြသော်လည်း
မည်သည့်အခါမှ လက်မခံပါ ၊တချို့က
နိုင်ငံခြား၌ ထူးခြားပုံ၊ အံ့သြဖွယ်ကောင်းပုံ၊
သာယာပုံတွေ ဗဟုသုတအဖြစ် ကြွရောက်ဖို့
လျှောက်ထားလျှင်လည်း
” ဘုန်ကြီးအိုကြီးက မျက်စိမှိတ်ပြီး
ခန္ဓာကိုယ်ကို ခြေဆုံးခေါင်းဆုံး အာရုံပြု
လိုက်ရင် အတူတူပဲ ဖြစ်သွားပါပြီ၊
ရုပ်၊ နာမ်ဖြစ်ပျက်အပြင် ဘာရှိသေးလဲ၊
အတူတူပဲ မဟုတ်လား၊ ဒါကြောင့်
မကြွပါရစေနဲ့ ” ဟုငြင်းပယ်တော်မူသည်။

တရားနာယူလိုပါသောကြောင့် ကြွဖို့

လျှောက်လျှင်လည်း တရားတိပ်ခွေများ၊ တရားစာအုပ်များကိုသာ ပေးလိုက်လေ့ရှိပါသည်။

 သို့သော် နိုင်ငံတော်အစီအစဉ်အရ 

မဖြစ်မနေ ထိုင်းနိုင်ငံသို့တစ်ခါ
တရားဟောကြွရသည်။
ဒါပေမယ့် မည်သည့်နေရာကိုမျှ
အလည်အပတ်မကြွ၊ တည်းခိုရာနေရာ၌
သာ သီတင်းသုံးသည်။

 ထူးခြားမှုကား အယုဒ္ဓယမြို့သို့ ပို့ခိုင်း

သည်။အကြောင်းကား လည်ပတ်ရန်အ
တွက် မဟုတ်၊ နှစ်နိုင်ငံ ဒေါသအာဃာတများ
ငြိမ်းအေးစေရန် မေတ္တာသွားပို့ခြင်း
ဖြစ်ပါသည်။

 ထို့နောက် လာအိုနိုင်ငံသို့လည်း 

တရားဟောတစ်ခါ ကြွရသည်။
ထိုအခါ၌လည်း ဘယ်နေရာမှ မကြွ၊
တည်းခိုရာနေရာ၌သာ နေထိုင်ပြီး ထိုနေ
ရာမှ ပြန်ကြွလာခဲ့ခြင်း ဖြစ်သည်။

   နိုင်ငံခြားသို့ မကြွလိုသော ဆရာတော်များမှာ 

မိမိတို့သိသမျှ တိပိဋက မင်းကွန်းဆရာတော်ကြီးနှင့်
တိပိဋက ယောဆရာတော်ကြီး နှစ်ပါး
ဖြစ်ပါသည်။

ဒေါက်တာဘွဲ့ကိုလက်မခံ ့့
၁၃၆၉ ခုနှစ်တွင် တိပိဋကယောဆရာ
တော်ကို ထိုင်းနိုင်ငံ မဟာချူလာလောင်ကွ န်း
တက္ကသိုလ်က ဗုဒ္ဓစာပေဆိုင်ရာ ပါရဂူ
ဂုဏ်ထူးဆောင် (ပီအိပ်ခ်ျဒီ) ဒေါက်တာဘွဲ့
ဆက်ကပ်လှူဒါန်းရန် စကားကမ်းလှမ်းခဲ့
သော်လည်း
” ဆက်ကပ်လှူဒါန်းလိုသည်ဆိုခြင်းကို
ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊
သို့ရာတွင် မိမိမှာ တိပိဋကဓရ ရထား
ပြီးဖြစ်၍ တိပိဋကဓရဘွဲ့ကို
အခြားဘွဲ့တစ်ခုက ဝါးမျိုလွှမ်းမိုးသွား
တာမျိုး မခံလို၍ အခြားဘွဲ့များကို မယူ
လိုတော့ပါကြောင်း ” ပြော၍
လက်မခံဘဲ ငြင်းပယ်တော်မူခဲ့လေသည်။

တယ်လီဖုန်းလှူသည်ကိုလက်မခံ ့့
တိပိဋကယောဆရာတော်သည်
တယ်လီဖုန်းကို ထားလည်းမထား၊
ကိုင်လည်းမကိုင်၊ ကိုယ်ကလည်း
သူများထံ လုံးဝမဆက်၊ သူများထံမှ
ဆက်လာလျှင်လည်း လုံးဝမကိုင်၊
ကိစ္စအထူးရှိပါက တပည့်များကို
ဖုန်းဆက်ခိုင်းသည်။

တရားပွဲ ပင့်လျှောက်ရာ၌ ဖြစ်စေ၊
ဆွမ်းစား ပရိတ်ရွတ် ပင့်လျှောက်ရာ၌
ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ ပင့်လျှောက်ပါက
လက်မခံရန် တပည့်သံဃာ့ပရိတ်သတ်ကို
မိန့်ကြားထားသည်။

လွန်ခဲ့သော ၁၆ နှစ်လောက်က 

လက်ကိုင်ဖုန်းကို တော်ရုံတန်ရုံလူ
မကိုင်နိုင်သည့် အချိန်၊ ဆယ်လူလာဖုန်း
တစ်လုံးလျှင် ကျပ်သိန်း ၄၀ ပေးဝယ်ရ
သည့်အချိန်တွင် ကမ္ဘာအေး မဟာပါသဏ
လိုဏ်ဂူ၌ သူဋ္ဌေးအလှူရှင်များက
တိပိဋကသြဝါဒစရိယ ဆရာတော်ကြီး ၁၀
ပါးကို တစ်ပါးလျှင် တယ်လီဖုန်းတစ်လုံးစီ
လှူဒါန်းရာ ယောဆရာတော်မှ
” ဘုန်းကြီးက တယ်လီဖုန်း မကိုင်ဘူးဗျ။
လိုအပ်တဲ့နေရာကိုသာ လှူလိုက်ကြ “
ဟု အမိန့်ရှိ၍ လက်မခံဘဲ ငြင်းပယ်လိုက်သည်။

ထိုအခါ အနီးအနားက ဆရာတော်

တစ်ပါးက ” ဦးသိရိန်၊ သိန်း ၄၀ တောင်
တန်တာ၊ ယူထားလိုက်ပါ၊
ကိုယ်မလိုတော့လည်း တပည့်တွေကို
ပေးရတာပေါ့ ” ဟု ဆက်လက်တိုက်တွန်း
သော်လည်း လက်မခံခဲ့ချေ။

ကိုယ်တိုင်သင်္ကန်းလျှော် ့့
ယောဆရာတော်သည် ပိဋကသုံးပုံအောင်
တိပိဋကဓရဆရာတော်လည်းဖြစ်၊
ကျောင်းတိုက်ကြီး၏ အကြီးအကဲ ပဓာန
နာယက ဆရာတော်လည်း ဖြစ်ပါလျက်
မိမိဝတ်ရုံသော သင်္ကန်းကို ယနေ့ထိ
ကိုယ်တိုင်လျှော်၊ ကိုယ်တိုင်ရုပ်၊
ကိုယ်တိုင်ခေါက်တော် မူသည်။

ဝေယျာဝစ္စ ဆောင်ရွက်နေကြသည့်
ဦးပဉ္ဇင်း ကိုရင်များကို တစ်ကြိမ်မျှ
အလျှော်မခိုင်း။

တစ်နေ့သောအခါ စာရေးသူသည်
ဝေယျာဝစ္စ ဆောင်ရွက်ရန် ယော
ဆရာတော် ကျောင်းဆောင်သို့
ဝင်ရောက်ရာတွင် ယောဆရာတော်
သင်္ကန်းလျှော်နေသည်ကို တွေ့မြင်၍
လက်အုပ်ချီကာ ” ဘုရားတပည့်တော်
လျှော်ပါမည် ” ဟုလျှောက်ရာ
ယောဆရာတော်မှ
” ခန္ဓာကြီး သုံးလို့ဖြစ်ပါသေးတယ်ကွ၊
ကိုယ့်ဟာကိုယ် လျှော်ပါ့မယ် ” ဟု
မိန့်လေသည်။

📙 အရှင်ပညာတိက္ခ
ရေးသားပူဇော်သည့်
” ဘဝဖြစ်စဉ် ကြောင်းကျိုးထင် “
စာမျက်နှာ ၂၂၉

ဤမှန်သော သစ္စာစကားကြောင့်


သမ္မတ မင်းစေ
သူကြွယ် သူဆင်းရဲ
သဒ္ဓါကြွယ်သူ သဒ္ဓါနည်းသူ
လှူနိုင်သူ မလှူနိုင်သူ
မခွဲခြား မေတ္တာတရား
ရင်ဝယ်ထား ပြုံးရွှင်စွာ
တုံ့ပြန်နေတာ တို့ဆရာ ။

ယာဉ်အလှူ လက်မခံ
ဖုန်းအလှူ ပယ်ချ
ဒေါက်တာဘွဲ့ အကပ်မခံ
တိပိဋကကို တန်ဖိုးထား
လှူသမျှ အကုန်စွန့်
ရိုးဂုဏ်နဲ့နေတာ တို့ဆရာ ။

ပရိယတ္တိကို အစဉ်အလေးထား
ပဋိပတ္တိကို မပြတ်တမ်းပွား
အရွယ်ကိုမငဲ့ ခန္ဓာကိုမညှာ
ဘာသာအရေး အစဉ်မျှော်တွေး
သာသနာအကျိုး ဆတိုးပိုး
ဝိနည်းနဲ့ညီတာ တို့ဆရာ ။

ဤမှန်သော သစ္စာစကားကြောင့်
ကျေးဇူးတော်ရှင်
တိပိဋက(ယော)ဆရာတော်ဘုရားသည်
သက်တော်ရာကျော်ရှည်၍ ကျန်းမာ
ချမ်းသာစွာ သာသနာပြုနိုင်ပါစေ ဘုရား ။

{ ဆရာတော်ဘုရားထံပါးတွင်
မှီဝဲဆည်းကပ်ကိုးကွယ်နေရခိုက်
ဆရာတော်နှင့်ပတ်သက်၍ မိမိသိရှိခဲ့
သည်များကို အမှန်အတိုင်း ရေးဖွဲ့၍
သစ္စာပြုပါ၏ ။ }
တင်ပြသူ – – – ဦးဝင်းသိန်း WinThein

( နိုင်ငံခြား ခရီးစဉ်တွေနဲ့ ရောဂါထလိုသူများ
စာမေးပွဲမှ ရရှိတဲ့ ဘွဲ့မဟုတ်ပဲ ပေါ်လစီလုပ်စားဘွဲ့
တွေနဲ့ ကြွားဝါလိုသူများ
ကားအမျိုးမျိုးကို ရေလဲစီးပြပြီး ကြွားချင်သူများ
လူခိုင်းသမျှကို သင့်/မသင့် မချင့်ချိန်ပဲ အလွယ်တကူ
လုပ်ပေးကြသူများ
ပစ္စည်းတွေ ဂိုဒေါင်နဲ့ သိုလှောင်ပြီး သေအခါမှ စာရင်း
ပြုစုနေကြရသူများ
မူလပစ္စည်းလေးပါးဒကာဒကါမထက် ပေါ်လစီခေတ်
လိုက်ပြီး အာဏာပိုင်- သူဌေးကုမ္ပဏီများကို ယာယီ
နေရာကေါင်းပေးပြီး ဘုန်းကြီးချင်ကြသူများ )
သတိထါးဆင်ခြင်သင့်တဲ့ အချက်အလက်တွေပါလား
လို့ စဉ်းစားရင် ့့ ့့

@ ဒီလို ဆရာတော်မျိုး
ရှေးကလဲ သိပ်မရှိ
ယခုလဲ မမြင်
နောက်လဲ ပေါ်ထွန်းဖို့မလွယ် @ ဟူ၍သာ

ပြန်လည်မျှဝေသည်#

Credit:

𝓕𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

မေတ္တာပို့ ( ပါဠိ -မြန်မာ )

(မိမိကိုယ်)
၁။ အဟံ အဝေရော ဟောမိ- (အကျွန်ုပ်သည် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏)
အဗျာပဇ္ဇော ဟောမိ- (စိတ်ဆင်းရဲခြင်း ကင်းရပါလို၏)
အနီဃော ဟောမိ- (ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏)
သုခီ အတ္တာနံ ပရိဟရာမိ- (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏)

(မိဘ-ဆရာသမား ဆွေမျိုးများ)
၂။ မမ မာတာပိတု, (အကျွန်ုပ်၏ မိဘနှစ်ပါး)
အာစရိယာ စ, (ဆရာသမား အားလုံး)
ဉာတိမိတ္တာ စ, (ဉာတကာ မိတ်ဆွေ အားလုံး)
သဗြဟ္မစာရိယော စ, (တရားကျင့်ဖော်များ အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

(ယောဂီသူတော်စင်များ)
၃။ ဣမသ္မိံ အာရာမေ သဗ္ဗေ ယောဂိနော-(ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော
ယောဂီသူတော်စင် အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

(ရဟန်းသာမဏေ သူတော်စင် အမျိုးသား-အမျိုးသမီးအားလုံး)
၄။ ဣမသ္မိံ အာရာမေ သဗ္ဗေ ဘိက္ခူ, (ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ရဟန်း)
သာမဏေရာ စ, (သာမဏေ အားလုံး)
ဥပါသကာ- (သူတော်စင် အမျိုးသား)
ဥပါသိကာယော စ, (သူတော်စင် အမျိုးသမီး အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

(ပစ္စည်းလေးဖြာ အလှူ့ဒါယကာ ဒါယိကာမများ)
၅။ အမှာကံ စတုပစ္စယ ဒါယကာ- (အကျွန်ုပ်၏ ပစ္စည်းလေးပါး, အလှူ့ဒါယကာ, အလှူ့ဒါယိကာမ အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

(ကိုယ်စောင့်နတ်,ကျောင်း,အိမ်,အရံစောင့်နတ်များ)
၆။ အမှာကံ အာရက္ခ ဒေဝတာ- (အကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း)
ဣမသ္မိံ ဝိဟာရေ, (ဤကျောင်းတိုက်အတွင်း၌၄င်း)
ဣမသ္မိံ အာဝါသေ, (ဤအိမ်အတွင်း၌၄င်း)
ဣမသ္မိံ အာရာမေ, (ဤအရံအတွင်း၌၄င်း)
အာရက္ခ ဒေဝတာ- (စောင့်ရှောက်ကြကုန်သော ဒေဝတာနတ်အပေါင်း)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

(အနောဓိသပုဂ္ဂိုလ် ၅-ဦး၊ သြဓိသပုဂ္ဂိုလ် ၇-ဦး))
၇။ သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း)
သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း)
သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း)
သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း)
သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း)
သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း)
သဗ္ဗေ မနုဿာ, (လူသားအပေါင်း)
သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

ဒုက္ခာ မုစ္စန္တု, (ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ)
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း
မယုတ်လျော့ကြပါစေသတည်း)
ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။

(အရပ်ဆယ်မျက်နှာ)
၈။ ပုရတ္ထိမာယ ဒိသာယ, (အရှေ့အရပ်၌ ရှိကြကုန်သော)
ပစ္ဆိမာယ ဒိသာယ, (အနောက်အရပ်၌ ရှိကြကုန်သော)
ဥတ္တရာယ ဒိသာယ, (မြောက်အရပ်၌ ရှိကြကုန်သော)
ဒက္ခိဏာယ ဒိသာယ, (တောင်အရပ်၌ ရှိကြကုန်သော)

ပုရတ္ထိမာယ အနုဒိသာယ, (အရှေ့တောင်ထောင့်အရပ်၌ ရှိကြကုန်သော)
ပစ္ဆိမာယ အနုဒိသာယ, (အနောက်မြောက်ထောင့်အရပ်၌ ရှိကြကုန်သော)
ဥတ္တရာယ အနုဒိသာယ, (အရှေ့မြောက်ထောင့်အရပ်၌ ရှိကြကုန်သော)
ဒက္ခိဏာယ အနုဒိသာယ, (အနောက်တောင်ထောင့်အရပ်၌ ရှိကြကုန်သော)
ဟေဋ္ဌိမာယ ဒိသာယ, (အောက်အရပ်၌ ရှိကြကုန်သော)
ဥပရိမာယ ဒိသာယ-, (အထက်အရပ်၌ ရှိကြကုန်သော)

သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း)
သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း)
သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း)
သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း)
သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း)
သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း)
သဗ္ဗေ မနုဿာ, (လူသားအပေါင်း)
သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း)

အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။

ဒုက္ခာ မုစ္စန္တု, (ကိုယ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ)
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း
မယုတ်လျော့ကြပါစေသတည်း)
ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။

(ကုန်းနေ,ရေနေ,ကောင်းကင်ပျံ သတ္တဝါများ)
၉။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ ပထဝီစရာ။ (ကုန်းနေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)

၁၀။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ ဥဒကေစရာ။ (ရေနေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)

၁၁။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ အာကာသေစရာ။(ကောင်းကင်နေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)

Special Credit To : မင်္ဂလာသတင်းစဉ်

Design a site like this with WordPress.com
Get started