လောကကိုငြိမ်းအေးစေသောတရား

. ” လောက ကို ငြိမ်းအေး စေသော တရား “
” အဒေါသ – မေတ္တာတရား “
ဒါးထိုးမှု ဖြစ်သည့်
လူသတ်မှု တခု မှာ
ဒါး က ရုပ်တရား ။
သိမှု မရှိပါ ။
စေတနာ မရှိပါ ။
ကောင်းသည့် နေရာ သုံးလည်း ရပါသည် ။

ဒါဆိုလျှင်
ဒါး ကိုင်သည့် လက် က သတ်တာလား ?
လက် က ရုပ်တရား ။
သိမှု မရှိပါ ။
စေတနာ မရှိပါ ။
ကောင်းသည့် နေရာ သုံးလည်း ရပါသည် ။

လက် ဆိုတာ
စိတ္တဇ မဟာဘုတ် ရုပ် ဆိုတော့
စိတ် ခိုင်းလို့ လုပ်တာလား ?
စိတ် က သိမှု သဘော သက်သက် ဆိုတော့
အကုသိုလ် ၊ ကုသိုလ် မဟုတ်ပါ ။

ဤသို့ဆိုလျှင် တရားခံ အစစ်မှာ
ထာဝစဉ် တည်ရှိ မနေသော
ကြောင်း ကျိုး ဖြစ် ချုပ် ၊
စိတ် နှင့် အတူ ဖြစ် ၊
စိတ် နှင့် အတူ ချုပ် ၊
စိတ် ကို မှီတွယ် – စိတ် ကို ချယ် ၊
မှတ်ဖွယ် စေတသိက် ဖြစ်သည့်
မောဟ အမှောင် ဖုံးလွှမ်း နေသော
ပြစ်မှားမှု ဒေါသ စေတသိက် ပါ ။

ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ထဲမှ
၁ ပါး သည် ဒေါသ နှင့် ယှဉ်ပါသည် ။

မနာလိုမှု ဣဿာ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ဝန်တိုမှု မစ္ဆရိယ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ပူပန်မှု ကုက္ကုစ္စ နှင့် ပြစ်မှားမှု ဒေါသ ယှဉ် ။

ဣဿာ မစ်ဆရိယ ကုက်ကုစ်စ တို့
အချင်းချင်း မယှဉ်ပါ ။

အတ္ထ မာန လောဘ ကြီးလေ
ဒေါသကြီးလေ ဖြစ်တတ်ပါသည် ။

ဒေါသ နှင့် လောဘ မယှဉ်သော်လည်း
လောဘ ကြောင့်
ဒေါသ ဖြစ်တတ် ပါသည် ။

လောဘ နှင့် ဒေါသ ဖြစ်တိုင်း
မောဟ ကတော့ ယှဉ်ပါသည် ။

အမှန် သဘော ကို မသိမှု ‘ မောဟ ‘ ဖြစ်တိုင်း
အဟိရိက –
ကာယဒုစရိုက် စသည် မှ မရှက်ခြင်း ၊
အနောတ္တပ္ပ –
ကာယဒုစရိုက် စသည် မှ မလန့်ခြင်း ၊
ဥဒ္ဓစ္စ –
စိတ်၏ မငြိမ်သက်ခြင်း ၊ ပြန့်လွင့်ခြင်း တို့
ယှဉ်ပါသည် ။

သံသရာ အဆက်ဆက်
ဒုက္ခ ပေးလာသည့်
အကုသိုလ် စေတသိက် တရားများ ကို
သာသနာ နှင့် ကြုံခိုက်
သတိထားပြီး ဖယ်ရှား သင့်ပါသည် ။

ကြမ်းတမ်းသော စရိုက်များ ကိုလည်း
သတိထားပြီး ပြုပြင် ရပါမည် ။

အမှား အမှန် မည်သို့ပင် ဖြစ်စေ
ဒေါသ ဖြစ်လျှင် မှားနေပါပြီ ။

ကိုယ့် လုပ်ရပ် မှန်နေခဲ့ သော်လည်း
ဒေါသ ဖြစ်လျှင် မှားနေပါပြီ ။

ဒေါသ သဘာဝ မှာ
လုပ်သင့်တာ မလုပ်ပဲ
မလုပ်သင့်တာ လုပ်တတ် ပါသည် ။

ပြောသင့်တာ မပြောပဲ
မပြောသင့်တာ ပြောတတ် ပါသည် ။

တွေးသင့်တာ မတွေးပဲ
မတွေးသင့်တာ တွေးတတ် ပါသည် ။

ထို့ကြောင့်
ဒေါသ ကို ဖြစ်စေသော တရားများ ၊
ဒေါသ ဖြစ်ခိုက်
ဒေါသ နှင့် အပေါင်းအဖော်
အကုသိုလ် စေတသိက် တရားများ ကို
သတိထား ကြပါ ။

မိမိ သူတပါး ဆင်းရဲများ စေသော
ထို ဒေါသ စေတသိက် ကို သာ
အသိဉာဏ် စေတသိက် ဖြင့်
ထိန်းချုပ် ဖယ်ရှား နိုင်လျှင်
လူ့ဘောင် လူ့လောက
ငြိမ်းချမ်းမှု နှင့် ပြည့်စုံနေမည်
ဖြစ်ပါသည် ။

သတိ ပညာ ယှဉ်သော
အဒေါသ စေတသိက် သည်
မသိမှုသဘော မောဟ ဦးစီးသော
ပြစ်မှားမှု ဒေါသ စေတသိက် ကို
ဖယ်ရှားခြင်း ဖြစ်ပါသည် ။

   " ထာဝရ ဒုက္ခ မရှိ ပါ "

ကြောင်း ကျိုး သင်္ခတ ဖြစ် ချုပ်
အစားထိုး ပျက် ……….
မြင် ကြား နံ စား ထိ သိ
ကောင်း ဆိုး ငြိမ်သက်
ပျောက်ကွယ် သုည
ကင်း ချမ်းသာ ။
” ထာဝရ အသင်္ခတ မြတ်နိဗ္ဗာန် “

. ” မဂ္ဂသစ္စာ သဘာဝ “
” လမ်းမှန် “
ပြဿနာ အားလုံး ရဲ့ အဖြေ က
အရိယသစ္စာ တရား နာကြားမှု ၊
အမှန်အတိုင်း ကောင်းစွာ ရှုမြင် သုံးသပ်မှု နှင့်
အမှန်အတိုင်း ကောင်းစွာ သိမြင်မှု ပါ ။

Design a site like this with WordPress.com
Get started