နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၃)

နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၃)

★ Social skill ဆိုတာလေ ကျောင်းမှာ စာသင်တဲ့အခါမှာ Academic skill ဆိုတာ ရှိတယ် အဲဒါ IQ ၊ အင်္ဂလိပ်စာတတ်အောင်၊ သချင်္ာတတ်အောင်၊ Physic တွေ Chemistry တွေ Biology တွေ Botany တွေ အဲဒါတွေ နားလည်အောင်၊ ဘာသာတစ်ခုအနေနဲ့ နားလည်အောင် အဲဒါတွေက IQ တွေ ဦးနှောက်ပိုင်းဆိုင်ရာ အသိဉာဏ်တွေ။

★ နောက်တစ်ခုကတော့ Social skill ဆိုတာ EQ ကို ပြောတာ Emotional Quotient – စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုကို ပြောတာ။ အခု နိုင်ငံခြားက ကုမ္ပဏီကြီးတွေမှာ လခကောင်းတဲ့ ကုမ္ပဏီကြီးတွေမှာ သူတို့ ရာထူးခန့်တော့မယ် ၀န်ထမ်းခန့်တော့မယ်ဆိုရင် အဲဒီ EQ ဘယ်လောက်မြင့်တုန်းဆိုတာ အဲဒါကို သူတို့က စိတ်ဝင်စားတယ်။

★ EQ မြင့်တဲ့ ပုဂ္ဂိုလ်က team work ဆိုတာ အသင်းနဲ့ အဖွဲ့နဲ့ အုပ်စုနဲ့ အလုပ်လုပ်ရတဲ့ဟာ။ ဘယ်အုပ်စုက ဘာလုပ် team work နဲ့ လုပ်ရတဲ့ နေရာမျိုးမှာ EQ ကောင်းတဲ့လူကမှ အများကြီး အလုပ်လုပ်တတ်တာ။

★ မဟုတ်ဘူးဆိုရင် သူ့ဟာသူကြောက်တာတွေ၊ နောက်ပြီး အများနဲ့ဆွေးနွေးတဲ့အခါမှာ အမြင်တွေ ထုတ်ဖော်ပြောပြတဲ့အခါမှာ၊ အမြင်တစ်ခုက သူ့ကို ဆန့်ကျင်တယ်ဆိုရင် မခံချင်စိတ်ဖြစ်ကုန်တယ်။ ဒေါသဖြစ်တယ်။ To take it personally. အဲလိုပြောတာ။

★ ဒါ ကိုယ်ရေးကိုယ်တာ ရှု့ထောင့်ကနေ သွားကြည့်လိုက်တာ။ အမှန်ကတော့ အလုပ်သဘောတရားနဲ့ ဆွေးနွေးနေကြတာ၊ အလုပ်သဘောတရားနဲ့ ဆွေးနွေးနေတဲ့ဟာကို အကြံဉာဏ်တွေ ၀ိုင်းပြီးတော့ ပြောတဲ့အခါမှာ အမှားတွေလည်း ပါမှာပေ့ါ။ မပြည့်စုံတာတွေလည်း ပါမှာပေါ့။ မှန်တာလည်း ပါမယ်။

★ အဲဒီကနေတဆင့် ကျယ်ပြန့်တဲ့အတွေးကနေ ကျဉ်းအောင်၊ တဖြည်းဖြည်းကျဉ်းမှ နီးစပ်လာအောင်၊ ဝေးနေတဲ့ဟာကနေ နီးစပ်လာအောင်၊ ဒီလိုပဲ ဆွေးနွေးလာကြတာ ဒါကိုပဲ သာကစ္ဆာလို့ခေါ်တာ ဓမ္မသာကစ္ဆာ ဆွေးနွေးတယ်။

★ အဲလို ဆွေးနွေးတဲ့သင်တန်းမျိုး၊ training မျိုးကိုတဲ့ အဲဒီိနိုင်ငံတွေက လုပ်ပေးတယ်။ အသက် ၆နှစ်တည်းက စလုပ်ပေးတယ် ၁၆နှစ်အထိ။ အဲဒါကြောင့် အချင်းချင်း အဲဒီလို ဆွေးနွေးတဲ့အခါမှာ အလွယ်တကူ ဒေါသ မဖြစ်တော့ဘူးပေါ့။

★ ငယ်ငယ်တုန်းက စဖြစ်ရင်ဖြစ်မယ်၊ ဆွေးနွေးတဲ့အခါမှာ မဝံ့မရဲနဲ့ နဲနဲပါးဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရဲ့အကြံဉာဏ် အပယ်ခံရတဲ့အခါမှာ စိတ်အားငယ်တဲ့အခါ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ သူရဲ့ စနစ်ကကိုက လူတိုင်းလူတိုင်းကို တန်ဖိုးထားတဲ့ စနစ်။

★ လူတိုင်းကို ပြောရေးဆိုခွင့် ပေးတဲ့စနစ်။ အကြံဉာဏ် မှားမှားမှန်မှန် အဲဒီအတန်းကျောင်းတွေထဲမှာ training လုပ်နေတဲ့အချိန်ကာလအတွင်းမှာ discussion ပေးတယ်။ ဆွေးနွေးမှုဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ထောင်နေတဲ့အချိန်မှာ။

★ ကိုယ်ပြောတဲ့ဟာ မှားတာမှန်တာထက်၊ ကိုယ်ပြောရဲတာ၊ နောက် သူများပြောတဲ့အခါမှာ စိတ်ပါ၀င်စား နားထောင်တာ အဲဒါပဲ ဖြစ်တာ။ Discussion skill ပေ့ါ social skill ဒါတွေက EQ တွေ။

★ အဲတော့ မခံချင်တဲ့စိတ်ဆိုတာက ကိုယ်က အများထဲမှာနေပြီးတော့ အများရဲ့ကျဉ်ဖယ်မှုကို ခံရတဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်တယ်။ စိတ်ထဲမှာ မခံချင်တဲ့စိတ်။

★ လုပ်ငန်းခွင်မှာ လူကြီးရောက်လာတယ်၊ လူငါးယောက်ရှိတယ်၊ ရုံးမှာ လူငါးယောက် သူ့ရုံးမှာလုပ်တဲ့ လူငါးယောက်ရှိတယ် လေးယောက်ကို ရောက်ရောက်ချင်း နေကောင်းတာ ခေါ်ပြောတယ်။ တစ်ယောက်ပဲ ချန်ထားတယ်ဆိုတော့ အဲလို ချန်ထားခံရတဲ့ တစ်ယောက်က မခံနိုင်တဲ့စိတ်တွေ ဖြစ်သွားတယ်၊ excluded ဖြစ်သွားတာကိုး။ အားငယ်တဲ့စိတ် ဖြစ်သွားတာ။

★ အဲလို မခံချင်တဲ့စိတ်ဆိုတာ မကျေနပ်တဲ့စိတ်ပဲ ဒေါသပဲ။ သူတို့ကျတော့ ခေါ်ပြောတယ်၊ ငါ့ကျတော့ အရေးမပေးဘူး၊ နှိုင်းယှဉ်နေတာ။ နှိုင်းယှဉ်လေ စိတ်ထဲမှာ မခံချင်တဲ့စိတ်ဖြစ်လေ။ အဲ

★ ဒါကြောင့် သက္ကပဥှ သုတ်ထဲမှာ မနာလိုဝန်တိုစိတ် ဘယ်ကနေ ဖြစ်တုန်းဆို subconscious thinking အလိုလိုနေရင်းနဲ့ သွားတွေးတဲ့စိတ်က ဖြစ်တာတဲ့။ သတိနဲ့ တွေးတာ မဟုတ်ဘူး။ သတိရှိရှိနဲ့ တွေးတာ မဟုတ်ဘူး။

★ သတိတရား မပါဘဲနဲ့ အလိုလို မကျေနပ်တဲ့စိတ် မခံချင်တဲ့စိတ်ကြောင့် သွားတွေးတဲ့အတွေး၊ အဲဒါကို “၀ိတက္က” တဲ့ “၀ိတက်” လို့ခေါ်တယ်၊ သက္ကပဥှသုတ်ထဲမှာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။


မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။


ခံစားမှုဝေဒနာက အစိုးမရဘူး။
မိမိအလိုအတိုင်း မဖြစ်စေနိုင်ဘူး။

စဉ်းစားကြည်ပါ။ အမြင်ကောင်း
အကြားကောင်းချည်းသာ ဖြစ်နေ
ပါစေလို့ စီမံတောင့်တလို့လဲ မရဘူး။

အနံ့ကောင်း အရသာကောင်း
အသိကောင်း အတွေ့ကောင်းတွေချည်း
ဖြစ်နေပါစေလို့လဲ စီမံတောင့်တလို့မရဘူး။

အဲဒီလို အကောင်းတွေကို တွေ့ချင်
ခံစားချင်ရင် အဆင်းကောင်းတွေကို
ရအောင် ရှာကြည့်ရတယ်။

အသံကောင်းကိုရှာပြီး နားထောင်ရ
တယ်။ အနံ့ကောင်းကို ရှာပြီးနမ်းရှူ
ရတယ်။

အစားကောင်း အတွေ့အာရုံကောင်း
တွေကို ရှာပြီးသုံးဆောင်ရတယ်။

အဲဒီလို ကြည့်ရှုနားထောင်
သုံးဆောင်လို့ အမြင်ကောင်း စသည်
ကို ခံစားရတာကလဲ အခိုက်အတန့်မျှ
တခဏ တခဏလေးမျှပဲ။

တော်တော်ကြာရင် အဲဒီအာရုံ
ကောင်းတွေက ကုန်ပျောက်သွားတယ်။

အဲဒီအခါ အမြင်ကောင်း
စသည်တွေလဲ မရှိပြန်ဘူး။

ဒါကြောင့် အမြင်ကောင်း
စတဲ့ အကောင်းတွေချည်း
ဖြစ်နေပါစေ။

အဲဒီအကောင်းတွေ ပျောက်မသွားပါ
စေနဲ့လို့ စီမံတောင့်တလို့လဲမရဘူး။

အဲဒီ အမြင်ကောင်းစသည်တွေ
ပျောက်သွားတဲ့အခါ အမြင်ဆိုး
စသည်တွေနဲ့တွေ့ပြီး ဆင်းရဲရတယ်။

အမြင်ဆိုးထက် အကြားဆိုးက
သာပြီး အခံရခက်တယ်။

အဲဒါထက် အနံ့ဆိုးက
သာပြီး အခံရခက်တယ်။

အဲဒါထက် အရသာဆိုးတွေ
ခံစားရတာက သာပြီး အခံရ
ခက်တယ်။

အဆိပ်ဖြစ်တဲ့အစာကို စားမိရင်
သေသည်အထိ ဆင်းရဲဒုက္ခရောက်
တဲ့အကြောင်း ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။

အဲဒီအရသာဆိုးထက် အတွေ့အထိ
ဆိုးက သာပြီး အခံရခက်တယ်။

ဆူးစူးလို့ ခလုတ်တိုက်လို့ လဲကျလို့
လိမ့်ကျလို့ တုတ် ဓား သေနတ်ဒဏ်
ထိခိုက်လို့ မီးလောင်လို့ ရောဂါဆိုး
စွဲကပ်လို့ တွေ့ထိရတဲ့ အတွေ့ဆိုးတွေ
ကမှ သာပြီး အခံရခက်တာ။

သေလုနီးပါး နာကျင်ပြီး ဟစ်အော်
မြည်တမ်းနေရတာလဲရှိတယ်။

သေသည်အထိ နာကျင်နှိပ်စက်
သွားတာလဲရှိတယ်။

ဆိုးတဲ့ ခံစားမှုဝေဒနာတွေပါပဲ။

အဲဒီလို ဆိုးတဲ့ခံစားမှုဝေဒနာတွေကို
မဖြစ်ပါစေနဲ့လို့ စီမံခန့်ခွဲလို့မရဘူး။

အဲဒါဟာ အစိုးမရတဲ့သဘောပဲ။
အဲဒီလို မိမိအလိုအတိုင်း မဖြစ်တဲ့
အစိုးမရတဲ့ဝဒေနာကို

မိမိ၏အတွင်းသား အတ္တကောင်လို့
ဘယ်မှာ ဆိုသင့်ပါမလဲ။

မဆိုသင့် မထင်သင့်
မစွဲလမ်းသင့်ပါဘူး။

ယခုပြောခဲ့တာက လူ့လောကမှာ
ရှိနေတဲ့ ဝေဒနာ အကြောင်းမျှပါပဲ။

အပါယ်လေးပါးက ဝေဒနာတွေက
သာပြီး ဆိုးတယ်။

နွား ကျွဲ ကြက် ဝက်စသော
တိရစ္ဆာန်တွေကို စဉ်းစားကြည့်ပါ။

အဲဒီတိရစ္ဆာန်တွေမှာ အမြဲလိုလိုပင်
အတွေ့ဆိုးတွေနဲ့တွေ့ပြီး ဝေဒနာရဲ့
အနှိပ်စက်ကို ခံနေကြရတယ်။

ကာကွယ်ပြုပြင်ပေးမယ့်သူ
စောင့်ရှောက်မည့်သူလဲ မရှိဘူး။

ဆင်းရဲဒုက္ခတွေကို အလူးအလဲ
ခံနေကြရတာပဲ။

အဲဒီ တိရစ္ဆာန်တွေထက် ပြိတ္တာ
တွေမှာ သာပြီးဆင်းရဲတယ်။

ပြိတ္တာတွေထက် ငရဲသတ္တဝါတွေမှာ
သာပြီးဆင်းရဲတယ်။

အဲဒီဆင်းရဲတွေကို မိမိတို့နဲ့
မဆိုင်ဘူးလို့ မဆိုနိုင်ဘူး။

အရိယာအဖြစ်သို့ မရောက်သေးရင်
အဲဒီတိရစ္ဆာန် ပြိတ္တာ ငရဲဆင်းရဲတွေ
နဲ့လဲ တွေ့ကြုံသွားနိုင်တာပဲ။

အဲဒီလို ဖြစ်ရာဖြစ်ရာ ဘဝမှာ ဝေဒနာက နှိပ်စက်နေသောကြောင့်

အဲဒီဝေဒနာတွေကို အသီးသီးသော
သတ္တဝါတို့၏ အတွင်းအတ္တကောင်လို့
မဆိုနိုင်ဘူး။

အဲဒီလို ဝေဒနာဆိုးတွေ
မဖြစ်ပါစေနဲ့လို့လဲ မစီမံနိုင်ဘူး။
မခန့်ခွဲနိုင်ဘူး။ စီမံခန့်ခွဲလို့မရဘူး။

သူ့အကြောင်းအားလျော်စွာ
မလိုလားအပ်တဲ့ ဝေဒနာကလဲ
ဖြစ်ဖြစ်နေတာပဲ။

စိတ်ဆင်းရဲတွေကလဲ မဖြစ်
စေလိုဘဲ ဖြစ်ဖြစ်နေတာပဲ။

အဲဒါဟာ အလိုအတိုင်းမဖြစ်တာ။
အစိုးမရတာပါပဲ။

အသီးသီးသော သတ္တဝါတွေဟာ
မိမိတို့သန္တာန်က ဝေဒနာတွေကို
အစိုးမရတာချည်းဘဲ။

အဲဒီလို အစိုးမရသောကြောင့်လဲ
အနတ္တလို့သာ ဆိုရပါတယ်။

မိမိ၏ အတွင်းသား အတ္တကောင်
အသက်ကောင် ငါကောင် မဟုတ်
ဘူးလို့ ဆိုလိုပါတယ်။

ဒါပေမယ့် သာမန်ပကတိ ပုဂ္ဂိုလ်တွေ
အနေအားဖြင့်တော့ ငါကပဲ ချမ်းသာ
နေရာက ဆင်းရဲသွားတယ်။

ဆင်းရဲနေရာကလဲ အကြောင်း
ညီညွတ်တဲ့အခါ ချမ်းသာလာတယ်
လို့ ဒီလိုပဲ စွဲလမ်းနေကြတယ်။

ဒီအတ္တစွဲကို လုံးဝကင်းသွားအောင်
ပယ်ဖို့ရာခဲယဉ်းပါတယ်။

မြတ်စွာဘုရားရှင် ညွှန်ကြားထားတဲ့
အတိုင်း “မဇ္ဈိမပဋိပဒါ အကျင့်လမ်း”
ဆိုတဲ့ သတိပဋ္ဌာန်ဝိပဿနာလမ်းဖြင့်

ဖြစ်တိုင်းသော ဝေဒနာတွေကို
ရှုမှတ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်
သိပါမှ ပယ်နိုင်တယ်။

မဟာစည်ဆရာတော်ဘုရားကြီး
အနတ္တလက္ခဏသုတ် အပ(၈)

Via – Parallel

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

တရားပျောက်ရင် ဘုရားလည်း ပျောက်ကွယ်သွားမယ်။

တရားပျောက်ရင်
ဘုရားလည်း ပျောက်ကွယ်သွားမယ်။

စေတီတွေ ရုပ်ပွား ဆင်းတုတော်တွေ အသက်ဂုဏ်
သွင်းပေးတာ တရားဗျ။
ဘုရားကို ဘုရားလို့မြင်အောင် ပြပေးတာလည်း တရားပါပဲ။
“စာသိ- ကျင့်သိ- ထိုးထွင်းသိ”ဆိုတဲ့ အသိသုံးမျိုးမှာ
အနည်းဆုံး စာသိတရားတော့ ရှိထားမှ
ဘုရားကို မြင်အောင် ကြည့်တတ်လိမ့်မယ်။
တရားမြင်သလောက်သာ ဘုရားကို လက်ခံနိုင်မယ်။

ပင်လယ်ရေကို ပေတံ ပေကြိုးနဲ့ ရေထဲချတိုင်းသူဟာ
ပေတံ ပေကြိုး ရှည်သလောက်သာ ရေအနက်ကို သိရမှာ။
ကိုယ့်မှာရှိတဲ့ ပေတံ ပေကြိုးရဲ့ အတိုင်းအတာထက်
ပိုပြီးတော့ ပင်လယ်ရေအနက်ကို မသိနိုင်ဘူး။
ဒါမျိုးလည်း အသိဉာဏ်ပေကြိုး ရှည်အောင် ဓမ္မနဲ့ဆန့်တန်း
တတ်ဖို့ လိုလိမ့်မယ်။

တရားပျောက်သွားရင် စေတီအားလုံး အုတ်ပုံကြီးတွေ
ဖြစ်သွားတော့မှာ။
ဆင်းတုတော်တွေအားလုံး အရုပ်တွေ ဖြစ်ကုန်တော့မှာ။
ဘုရားအနေနဲ့ ကိုးကွယ်ပူဇော်တတ်မှာ မဟုတ်တော့ဘူး။
ဓမ္မမပြတ်သားရင် ဗုဒ္ဓအပေါ်အမြင် မပြတ်သားတော့ဘူး။

တစ်ချိန်တုန်းက အိမ်တစ်အိမ်မှာ
မိခင်နဲ့သမီး သားအမိနှစ်ယောက် ရှိကြတယ်။
မိခင်က သမီးကို နေ့စဉ် ဘုရားရေကပ် ပန်းကပ် ဆွမ်းကပ်
ဆီမီးကပ်ဖို့ ပြောထားတယ်။
သမီးက ဘုရားကို ဆွမ်းတော်ကပ်တဲ့အခါ လက်ဖက်ရည်
သောက် ပန်းကန်ငယ်လေးထဲမှာ ဇွန်းသေးသေးလေးနဲ့
ဟင်းကလေး နဲနဲစီထည့်ပြီးတော့
ဘုရားရှေ့သွားပြီး ဆွမ်းတော် ကပ်သတဲ့။

မိခင်ကလည်း သမီးကိုမြင်တော့ ပြောတယ်။
သမီးရယ့့့် ဘုရားဆွမ်းတော်ကပ်တာ နည်းလှချည်လား။
ဆွမ်းကလည်း ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းစာ။
ဟင်းကလည်း ဇွန်းဖျားနဲ့ တို့ရုံ ထိရုံလေး။
ဒီလောက်ကလေးနဲ့ ဘုရားက မျှတမှာတဲ့လားလို့ပြောတော့
သမီးက အမေရယ့့့်
ဘုရားက ဘုန်းပေးတာမှ မဟုတ်ဘဲ။ အရုပ်ကြီးပဲ။
နည်းနည်းလေးတောင် ကုန်အောင် မဘုဉ်းပေးနိုင်တာ။
အများကြီးကပ်တော့ ဘာထူးမှာလဲ တဲ့။

ဒီတော့ သူ့ရဲ့အဖြေက ရှင်းသွားပြီလေ။
သူဟာ ဘုရားကို ဆွမ်းကပ်တာ မဟုတ်ဘူး။
အရုပ်ကို ကပ်နေတာ သေချာပြီ။ သူ့ရဲ့ အသိပညာက
ဘုရားကို ဘုရားလို့မြင်အောင် မကြည့်တတ်ဘဲ အရုပ်လို့
မြင်တာကိုး။ အရုပ်လို့မြင်တော့ အရုပ်လိုပဲ ကပ်မှာပေါ့။
တရားအသိ ပညာအားနည်းတော့
ဘုရားကို ဘုရားလို့မြင်အောင် ဉာဏ်နဲ့ မကြည့်တတ်ဘူး။
အရုပ်လို့ပဲ ထင်နေတော့တာ။

တိပိဋက ယောဆရာတော်ဘုရားကြီး
မိန့်ကြားတော်မူသော
ဘဝအသုံးချ ဓမ္မလမ်းညွှန် ပထမတွဲမှ ကောက်နှုတ်ချက်။

                            ဦးဓမ္မသာရ(ဆေးသဲ့တောင်)

CRD ~

အတိတ်ဘဝက အကုသိုလ်ပေးဆပ်ရသော 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 မဟာကာဠ ဥပသကာ 🍀🍀🍀🍀🍀🍀🍀

အတိတ်ဘဝက အကုသိုလ်ပေးဆပ်ရသော
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မဟာကာဠ ဥပသကာ
🍀🍀🍀🍀🍀🍀🍀

ဗုဒ္ဓဘုရားလက်ထက်တော်က မဟာကာဠဥပသကာသည် သာဝတ္တိမြို့တွင်
နေထိုင်ပြီး ဒါန သီလ ဘာဝနာ
အပြည့်ရှိသည့် သူတော်ကောင်းတစ်ယောက်
ဖြစ်၏။

သူသည် ငါးပါးသီလမြဲ၏။ရှစ်ပါးသီလကိုလည်း ဝါတွင်းဝါပဥပုသ်နေ့တိုင်းစောင့်ထိန်း၏။ဥပုသ်နေ့
တစ်နေ့တွင်ရှစ်ပါးသီလယူပြီး ဇေတဝန်ကျောင်းတွင် တစ်နေကုန်နေကာ ဂုဏ်တော်ပွားလိုက် ဝိပဿနာ
ရှု့ပွားလိုက်ဖြင့်အချိန်ကုန်စေသည်။

ညနေတွင်ဘုရားရှင်နှင့်သံဃာတော်များဟော
ကြားသော တရားတော်ကို တစ်ညလုံးနာယူ
သည်။မိုးလင်းမှ ကျောင်းမှထွက်လာပြီး
ရေကန်တစ်ကန်တွင်မျက်နှာသစ်ကိုယ်လက်
သန့်စင်သည်။

ထိုအချိန်တွင် အိမ်တစ်အိမ်အား ဝင်ခိုးသည့် သူခိုးတစ်ယောက်ကို မြို့လူထုက ဝိုင်းလိုက်
နေကြ၏။သူခိုးသည် လွတ်ဖို့လမ်းမမြင်၍ ပစ္စည်းထုပ်ကိုမဟာကာဠ၏အနီး ပစ်ချပြီး
ဆက်ပြေးလေသည်။ ရေကန်ဘက် မျက်နှာမူ
နေသည့် မဟာကာဠဥပသကာကြီးသည်
သူခိုးချထားသည့် ပစ္စည်းထုပ်ကို မသိရှာပေ။

ဒီအချိန်မှာပင် သူခိုးနောက်လိုက်လာကြသည့် လူအုပ်ကြီး အနားရောက်လာပြီး ပစ္စည်းထုပ်ကို
တွေ့ကာ

“သူခိုးက ဥပုသ်သည် အယောင်ဆောင်နေတာ ဖြစ်မှာဘဲဆိုပြီး”ဝိုင်းရိုက်ကြလေရာ မဟာကာဠ
ဥပသကာကြီးသည်ရေကန်နားမှာပင် သေသွား
လေသည်။

မဟာကာဠ၏အဖြစ်ဆိုးကိုသိသွားကြသောရဟန်း
တော်များသည် စုပ်တသပ်သပ်ဖြင့်သနားနေမိ၏။
မဟာကာဠလို သူတော်ကောင်းဥပသကာမျိုးဟာ ဒီလိုအသေဆိုးနဲ့ သေရတာ မသင့်တော်ဘူးလို့ ဝိုင်းစုပြီးပြောကြ၏။ဤတွင် မြတ်စွာဘုရား
ကြွတော်မူလာပြီး

“ချစ်သားတို့ မဟာကာလဠဥပသကာရဲ့ အခုဘဝ
အခြေအနေနဲ့ကြည့်မယ်ဆိုရင် ဒီသေခြင်းမျိုးနဲ့ မထိုက်တန်ဘူးလို့ဆိုရပေမဲ့ သူ့ရဲ့အတိတ်ဘဝ
တစ်ခု အနေနဲ့ ကြည့်မယ်ဆိုရင်တော့
ဒီသေခြင်းဟာ သူ့အတွက် ထိုက်တန်သော
သေခြင်းဖြစ်တယ်”ဟု မိန့်တော်မူလေသည်။

ရဟန်းတော်များသည် မဟာကာဠ၏ အတိတ်ဘဝကို ဟောကြားတော်မူပါဟု
တောင်းပန်လေရာ ဗုဒ္ဓက

မဟာကာဠဥပသကာဟာ တစ်ခုသောဘဝမှာ
ှဗာရာဏသီမင်းရဲ့နိုင်ငံတွင်း တစ်ခုသော
ပစ္စန္တရာဇ်ရွာမှာ ရွာစားကြီးဖြစ်တယ်။
သူ့တာဝန်က ခရီးသည်များ သူပုန်
ဘေးဝေးရအောင် တောအုပ်တစ်ခုကို ဖြတ်ပြီးပို့ရတဲ့အလုပ်ဖြစ်တယ်။တခါတော့ ညားကာစဇနီးမောင်နှံဟာ တောအုပ်ကို
ဖြတ်ဖို့လှည်းတစ်စီးနဲ့ရောက်လာကြတယ်။

တာဝန်အရ ချက်ချင်းပို့လိုက်ရုံပါဘဲ။ဒါပေမဲ့ သူကပို့မပေးဘဲ အချိန်မရှိဘူး,နောက်နေ့မှ
ဖြတ်ပါဟု ဆိုပြီးသူ့နေရာကို ဇွတ်ခေါ်သွား
တယ်။ညရောက်တဲ့အခါ ခရီးသည် လင်မယားရဲ့
လှည်းအိမ်ပေါ်မှာ သူ့ရဲ့ပတ္တမြားတစ်လုံး
ဖွက်ထားလိုက်တယ်။

နောက်တစ်နေ့မနက်ကျတော့ တပည့်တွေကို,
ပတ္တမြားပျောက်တယ်။လိုက်ရှာကြလို့အမိန့်ပေးတယ်။ အဲဒီအချိန်မှာ ဘာမှမသိရှာဘဲ လှည်းနဲ့
ထွက်လာတဲ့ လင်မယားကို ဝိုင်းရှာကြပြီး
လှည်းပေါ်မှာ ပတ္တမြား တွေ့သောအခါ ရွာစား
အမိန့်နဲ့ ယောင်္ကျားကို ရိုက်သတ် လိုက်တယ်။
အမျိုးသမီးကို မဟာကာဠလောင်း ရွာစားကြီးက သိမ်းလိုက်တယ်။အဲဒီ ပါဏာတိပါတကံ,
ကာမေသုမိစ္ဆစာရကံ တွေကြောင့် သေတဲ့အခါ ကမ္ဘာ့နဲ့ ချီပြီး အဝီစိငရဲမှာခံရတယ်။ငရဲက
လွတ်သည့်အခါ ကြွင်းကျန်တဲ့ အကျိုးအဖြစ်
အခုလို သူတစ်ပါး အရိုက်အနက်ခံပြီးမှ
သေခဲ့ရတယ်”ဟု ဟောကြားတော်
မူလေသည်။

ဤအကြောင်းအရာလေ့လာခြင်းဖြင့်

၁။ လူတစ်ဦးသည် ယခုဘဝတွင်ကောင်းမှု
ကုသိုလ်များ များစွာပြုလုပ်သော်လည်း အတိတ်ဘဝ အကုသိုလ်ကံ ကြောင့် အသက်တိုရခြင်း,အနေဆင်းရဲခြင်း,
အစားဆင်းရဲခြင်းများ ကြုံတွေ့ရတတ်၏။

၂။ အတိတ်ဘဝ ကုသိုလ်ကောင်းမှုရှိသူသည်
အရွယ်သုံး ပါး တစ်ပါးပါးတွင်
ချမ်းသာစွာနေရခြင်း လည်းရှိ၏။

၃။ သံသရာတွင် ကျင်လည်ရဦးမည်ဆိုလျှင်
အကုသိုလ်များအား ယခုဘဝတွင်အတတ်နိုင်ဆုံး
ရှောင်ရှားသင့်ကြောင်း သင်ခန်းစာယူသင့်၏။

သို့ပါ၍ သင်ခန်းစာယူစရာ,သံဝေဂယူစရာ
ဖြစ်သည့် အတွက် အကုသိုလ်မှန်သမျှ အတတ်နိုင်ဆုံးရှောင်ရှားကြပါစို့လို့
တိုက်တွန်းလိုက်ရပေသည်။ (ဓမ္မပဒ)
⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘⚘
==========တရား ရတနာ========

crd

ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်း

ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်း


◊ အခုခေတ်လည်း ခလေးပေါက်စလေးတွေ bright ဖြစ်တာရှိတယ်။ ပညာဆိုတာ ဒီဘဝမှာ သင်မှ နောက်ဘဝမှာ
အရည်အချင်းက လိုက်လာမှာ။ တခြားဟာနဲ့ မတူဘူး။

◊ ပညာကြီးမားအောင် ဘာလုပ်ရမလဲဆိုရင်
တော်တော်များများက ဖြစ်လေရာဘဝမှာ
ပညာတတ်ဖို့ဆိုပြီး ပညာဖြစ်စေတတ်တဲ့ ဆိုပါစို့၊
ပညာဒါနဆိုပြီးတော့ သူများ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေ၊ ဆီမီးလှူပြီးတော့ ဆုတောင်းတာတို့၊
ဖြစ်လေရာ ဘဝမှာ ပညာကြီးရပါလို၏ လို့ ဆုတောင်းတာတို့ ဒါတွေကို အားကိုးလေ့ရှိကြတယ်။

◊ တကယ်ကတော့ စာပေကျမ်းဂန်မှာကြည့်မယ်ဆိုရင်
အဲဒါတွေကော မဖြစ်ဘူးလားဆို ဖြစ်ပါတယ်။
စာပေကျမ်းဂန်မှာဆိုတဲ့အတိုင်း ပြောမယ် ဆိုလို့ရှိရင်
ပညာပါရမီဖြစ်ပြီးတော့ ဖြစ်လေရာဘဝမှာ
ပညာကြီးဖို့ရာ ဘာလုပ်ရမှာတုန်းဆို ဒီဘဝကတည်းက
မေးမြန်း ဆွေးနွေး လေ့လာ မှတ်သားခြင်းပဲဖြစ်တယ်။
ဒါဟာ အလွန် သဘာဝကျတယ်။
တရားနာတယ်၊ မေးတယ်၊ မြန်းတယ်၊ ဆွေးနွေးတယ်၊ ကိုယ်မသိတာကို မေးတာမြန်းတာဟာ ပညာတိုးတက်ခြင်းရဲ့အကြောင်းပဲဖြစ်တယ်။
ဖြစ်ရာဘဝမှာ ပညာကြီးခြင်းရဲ့အကြောင်းပဲဖြစ်တယ်။

◊ မေးတယ်ဆိုတာ သင်ယူခြင်းပဲဖြစ်တယ်လေ၊
ကိုယ်မသိတာကို သိဖို့အတွက် သင်ယူခြင်းပဲဖြစ်တယ်။
ဒါကြောင့်မို့ ဖြစ်လေရာဘဝမှာ ပညာကြီးမားချင်လို့ရှိရင်
ဒီဘဝမှာပဲ သင်၊ တတ်နိုင်သမျှ စဉ်းစား၊ပညာရှိပုဂ္ဂိုလ်တွေ တွေ့တဲ့အခါ ကိုယ်သိချင်တာတွေ မေး။ ရင်ထဲမှာ မထားနဲ့၊
အဲဒီလို မေးမြန်း ဆွေးနွေး လေ့လာ ဖတ်ရှုခြင်းဟာ ပညာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့ ဒီလိုပြောတယ်။

◊ အဲတော့ အကြောင်းတရားကို ဆင်ခြင်စဉ်းစားကြည့်လိုက်တယ်၊
သူများတွေ ပညာသင်ဖို့ အခွင့်အလမ်းကို
ဖန်တီးပေးလိုက်ရင် အဲဒီကုသိုလ်က အကျိုးပေးမှာ၊
ကိုယ်လည်း ပညာသင်ချင်တယ်ဆိုရင်
အခွင့်အလမ်းတစ်ခု ဖန်တီးပေးချင်တယ် ဖြစ်မှာပဲ။
ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင်
ကံတရားရဲ့သဘာဝက ကိုယ်လုပ်လိုက်လို့
တဖက်သားမှာ ရသွားတဲ့အခြေအနေမျိုးကို
ကိုယ့်ဆီကို တုန့်ပြန်ပြီးတော့ ဖြစ်တယ်လေ။
ကံရဲ့သဘာဝက ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ပြန်ရတာ။

◊ ကိုယ်လုပ်တဲ့ကောင်းကျိုး, မကောင်းကျိုးတွေ ကိုယ့်ဆီပြန်ရောက်တာ။ ကောင်းတဲ့ကံလုပ်လို့ ကောင်းတဲ့ကံတရားတွေဟာ ပုဂ္ဂိုလ်တစ်ဦးကို အကျိုးပေးတယ်ဆိုရင် ကိုယ့်ဆီကိုလည်း ကောင်းကျိုးတွေ ပြန်လာမယ်။ မကောင်းတဲ့ကံတရားတွေဟာ ပုဂ္ဂိုလ်တစ်ဦးဆီရောက်ပြီး ဒုက္ခတွေ ပေးတယ်ဆိုရင် အဲဒီဒုက္ခမျိုး ကိုယ့်ဆီ ပြန်ရောက်တယ်။ဒါ ကံရဲ့ဓမ္မတာပဲ။

◊ အေး ဒါကြောင့်မို့ ဒီဘ၀ ပညာသင်ပြီးတော့ ပညာတတ်သွားလို့ရှိရင် အဲဒီပညာမျိုးဟာ ကိုယ့်ရင်ထဲမှာ ပျောက်သွားတာမျိုး မဟုတ်ဘဲနဲ့ ဖြစ်လေရာဘဝမှာ ကိုယ်ဟာ ပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ ဒါကြောင့်မို့ အခုလို သိရှိကြတဲ့ဘဝမှာ အမှတ်တမဲ့ မနေကြဘဲနဲ့ လေ့လာကြရမယ်၊
ဆည်းပူးကြရမယ်။ ဓမ္မစာပေတွေ ဖတ်ရှုကြရမယ်။
ဒါတော့ ငါတော့ မသိလောက်ဘူးဆိုပြီး
ရှောင်တိမ်းမထွက်ဘဲနဲ့ ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့။

◊ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာ မြန်မာနိုင်ငံ ရောက်လာတာ နှစ်ပေါင်း ၂၀၀၀ ကျော်သွားပြီ။ သို့သော် မြန်မာလူမျိုးတွေ အများစုက ဒါတွေက ဘုန်းကြီးစာတွေ၊
ငါတို့နဲ့ မဆိုင်ဘူး။ လောကုတ္တရာစာတွေဆိုပြီး ကျောခိုင်းနေကြတယ်။ အဲဒါဟာ မဟာအမှားတော်ကြီးပဲဖြစ်တယ်။

◊◊ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာ စီးပွားရေးလုပ်နည်း ပါတယ်၊
ကျန်းမာအောင် နေနည်းပါတယ်၊
ဘဝမှာ အဆင်ပြေအောင်
ကောင်းကျိုးချမ်းသာတွေရအောင်
တစ်ဘဝ ပြီးတစ်ဘ၀ အဆင့်မြင့် သွားအောင်
ကိုယ့်ကိုယ်ကို ဓမ္မလမ်းကြောင်းပေါ်က
မတိမ်းစောင်းအောင် ထိန်းကျောင်းတဲ့နည်းစနစ်တွေ
မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ ပါတယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
မထေရ်မြတ်တို့၏ အမှတ်တရ စကားများ အပိုင်း (၁၃၄) တရားတော်မှ မျှဝေပါသည်။

Copy from >> https://m.facebook.com/story.php?story_fbid=2549490035296386&id=100007062421657 >> Thanks

တွယ်တာမှုကင်းရင် ရန်အောင်မည်။

တွယ်တာမှုကင်းရင် ရန်အောင်မည်။


လောကမှာက ဆန့်ကျင်ဘက်သဘော
တရားချင်း တိုက်ခိုက်ကြတာ သဘာ၀ပါ။

မေတ္တာကြီးသူကို ရန်လိုသူက
ပိုတိုက်တယ်။

သနားတတ်သူကို ရက်စက်သူက
ပိုတိုက်တယ်။

ပညာရှိသူကို ပညာမဲ့သူက
ပိုတိုက်တယ်။

အကောင်းဓာတ်ခံသဘောတရားနဲ့
အဆိုးဓာတ်ခံသဘောတရားဆိုတာ
အမြဲဆန့်ကျင်ဘက်ပဲလေ။

သို့သော်လည်း အဆိုးဓာတ်ခံကသာ
တိုက်တတ်တာပါ။ အကောင်းဓာတ်ခံ
တွေက ခံဘက်ကကြီးပါပဲ။

တိုက်ခိုက်တယ် ဆိုတဲ့နေရာမှာ ခံစစ်နဲ့
တိုက်စစ်ဆိုတာတော့ရှိတယ်။

တိုက်စစ်သမားက အစကတည်းက
အလိုဆိုးရှိနေတယ်။ ဣဿာ၊ မစ္ဆရိယ
အားကြီးလို့ဖြစ်တာပါ။

ဒီတရားအားကြီးလေလေ
ဉာဏ်နီ ဉာဏ်နက်
ပိုသုံးလေလေပါပဲ။

အတော်ယုတ်မာတတ်ပါတယ်။ တစ်ဘက်
သားကို ထည့်မတွက်တတ်ပါဘူး။ ထင်မှတ်
မထားလောက်အောင်ကို ယုတ်မာပါတယ်။

ရက်စက်တဲ့ နှလုံးသားပဲရှိပါတယ်။
ယုတ်မာသူက ပိုပြီးပရိယာယ်များ
ပါတယ်။ အသံပိုကျယ်ပါတယ်။

အကောင်းဓာတ်ခံသမားတွေက
ခဏခဏအတိုက်ခံရတော့ ခံစစ်ပဲ
တတ်နိုင်ကြတယ်။

များသောအားဖြင့် ကိုယ့်လိုပဲထင်မိပြီး
ကြိုတင်ပြင်ဆင်မထားတတ်ကြတဲ့
အတွက် အငိုက်မိတတ်ကြပါတယ်။

မကြာခဏ ဘ၀ပျက်ကြရတယ်။

သနားတတ်ခြင်း၊ ငဲ့ညှာတတ်ခြင်း
ကူညီလိုစိတ်များခြင်း၊ ခွင့်လွှတ်တတ်ခြင်းတွေက ရန်သူအတွက် အခွင့်အရေးတွေပါပဲ။

အဲဒီ အကောင်းသဘောလေးတွေက
ကိုယ့်ရဲ့ပျော့ကွက် ဟာကွက်တွေ ဖြစ်
နေတာလေ။

ဒါကို အဆိုးဓာတ်ခံသမားက
ကောင်းကောင်းအသုံးချတတ်တယ်။

ဒီတော့ အကောင်းဓာတ်ခံသမားမှာ
ဉာဏ်ရှိသူက ပြတ်သားခြင်းကို
လက်နက်အဖြစ် သုံးရပါလိမ့်မယ်။

မတွယ်တာခြင်းကို လက်နက်အဖြစ်
သုံးရပါလိမ့်မယ်။

ယုတ်စွအဆုံး ကိုယ့်သားသမီးကအစ
မတွယ်တာတတ်အောင် ကျင့်ယူထား
ရပါမယ်။

အဲဒီတွယ်တာမှုကို အသုံးချပြီး ကိုယ့်သားသမီးကို ဓားစာခံလုပ်ပြီး အနိုင်ယူတတ်ကြပါတယ်။

မတွယ်တာရင် မကြောက်တော့ဘူး။
မမှုတော့ဘူး။ ရန်သူက ကိုယ့်ကိုအနိုင်
ယူလို့မရတော့ဘူး။

ခက်တယ်ဆိုပေမဲ့ ကျင့်ယူလို့ရပါတယ်။

ဒါကြောင့်လည်း ဘုရားရှင်က
မတွယ်တာဖို့ ခဏခဏသတိပေး
ဟောကြားထားတာပါ။

မတွယ်တာဘူးဆိုတာ ရက်စက်တာ
မဟုတ်ပါဘူး။ ကာကွယ်တာပါ။

မိမိကိုယ်ကိုရော တစ်ပါးသူကိုရော
ကာကွယ်တာပါ။

များများကျင့်သုံးကြည့်ရင်
သဘောပေါက်လာပါလိမ့်မယ်။

စိတ်မခိုင်သူကို လှည့်စားဖျားယောင်း
ရတာ လွယ်ပါတယ်။

အစားမက်ရင် အစားနဲ့သတ်လို့ရတယ်။
ဂုဏ်မက်ရင် ဂုဏ်နဲ့ဖျက်ဆီးလို့ရတယ်။

ငွေမက်ရင် ငွေနဲ့ဖျက်ဆီးလို့ရတယ်။
စိတ်မခိုင်သူဆို ပိုအထိနာတတ်ပါတယ်။

ကိုယ့်ဖာသာနေတာပဲဆိုပြီး အေးအေး
နေလို့မရပါဘူး။ ရန်သူဆိုတာ အိမ်ပေါ်ထိအကြောင်းရှာ ရောက်လာတတ်တာပါ။

သတိကြီးကြီးထားပါ။ ရင့်ကျက်အောင်
အယုံမလွယ်အောင် ကျင့်ယူပါ။ ဆင်ခြင်
ဉာဏ်သုံးတတ်အောင် လေ့ကျင့်ယူပါ။

အမြင် အကြားနဲ့ မယုံပါနဲ့။
ဆင်ခြင်ဉာဏ်သုံးပါ။

မြှောက်ခြင်း၊ ခြောက်ခြင်းတွေကို
လုံး၀မတုန်လှုပ်အောင် ကျင့်ယူပါ။

မြှောက်တယ်၊ ခြောက်တယ်ဆိုတာ
ရန်သူရဲ့ ကိုယ့်ကိုဟန်ချက်ပျက်သွား
အောင် ကြိုးစားတဲ့ ခြေဆင်းတိုက်ကွက်ပါ။

အချုပ်အားဖြင့်တော့ တရားအားထုတ်တာကို လက်လွှတ်လို့မရဘူးဆိုတာပါပဲ။

စိတ်လေ့ကျင့်ခန်းဆိုတာ
တရားအားထုတ်မှရမှာပါ။

မခံနိုင်အောင်ထိုင်တာကို ပြောတာ
မဟုတ်ပါဘူး။

အချိန်တိုင်း တရားသဘောမြင်အောင်
နေတတ်ခြင်းကိုဆိုလိုတာပါ။

များများကျင့်သုံးလေ
လောကသဘာ၀ကို မြင်လေလေ
အန္တရာယ်ကို ကာကွယ်နိုင်လေလေပါပဲ။

ဘာကြောင့်လဲဆိုတော့ တရားသဘော
အမြဲဆင်ခြင်ရင် မတုန်လှုပ်ခြင်း ဆိုတဲ့
ရလဒ်ရလာလို့ပါပဲ။

ပြတ်သားလာပါလိမ့်မယ်။
ဉာဏ်ကြီးလာပါလိမ့်မယ်။

ဒါပေမဲ့ကြိုပြောမယ်နော်။
ခဏလေးနဲ့တော့ အဲဒီသတ္တိကိုမရပါဘူး။ တရားများများနှလုံးသွင်းဖို့လိုပါမယ်။

အားလုံးကိုပြောချင်တာကတော့
နောက်မကျသေးဘူး။ ကြိုးစားလိုက်ပါ။

မတွယ်တာတဲ့နေ့ မတုန်လှုပ်တော့ဘူး
ဆိုတာပါပဲ။ သေရမယ် ဆိုရင်တောင်
သတ္တိရှိရှိ သေရဲပါလိမ့်မယ်။

တရားအားထုတ်ခြင်းရဲ့ရလဒ်က
ဘာလဲသိချင်ရင် အားထုတ်ကြည့်
လိုက်ပါလို့ မှာပါရစေ။

ရန်ကင်းကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။

Via – Parallel

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ တမင်သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၂)

မခံချင်တဲ့စိတ်ဖြစ်အောင် စိတ်ဓါတ်သွင်းတယ်ဆိုတာ
တမင်သက်သက် စိတ်ဖိစီးမှုများအောင် လုပ်လိုက်တာပဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မချင်တဲ့စိတ်ကို ဆုံးမပါ – အပိုင်း(၂)

★ စိတ်ဖိစီးမှု stress တွေ ဖြစ်တာများရင် ဦးနှောက်ထဲမှာ နောက်ပိုင်း Amygdala ဆိုတဲ့ဦးနှောက် အဲ့ဦးနှောက်ပဲ အလုပ်လုပ်တယ်။ သူ့ကို fear center အကြောက်တရားရဲ့နေရာတဲ့၊ အကြောက်တရားရဲ့တည်ရာ။

★ အဘိဓမ္မာစကားနဲ့ပြောရင်တော့ ဒေါသဖြစ်ရင်ဖြစ်တဲ့ စိတ္တဇရုပ် ရုပ်တရားတွေ၊ ဒေါသဆိုတဲ့ ကြောက်စိတ်ဖြစ်ရင် ဖြစ်တဲ့ အဲဒီစိတ္တဇရုပ်က နောက်က ဦးနှောက်မှာပါတယ် Amygdala။ ဘုန်းဘုန်းပြောတာ ဒီလိုသိပ္ပံပညာရှင်တွေ ရေးထားတဲ့ စာအုပ်မျိုးတွေကနေ ကြည့်ပြီးတော့ ပြောတာ။

★ ဒါ Siddhartha’s Brain သိဒ္ဓတ္ထမင်းသားရဲ့ ဦးနှောက်၊ ဒီဟာကျတော့ The Science of Meidation – တရားထိုင်ခြင်းသိပ္ပံတဲ့၊ ဒါကျတော့ Altered Traits တဲ့ ဦးနှောက်ကို တရားထိုင်ခြင်းအားဖြင့် ပိုပြီးတော့ကောင်းအောင် လုပ်ခိုင်းတာ။

★ အရမ်းကို stress များလွန်းရင်၊ ဒီ စိတ်ဖိစီးမှုတွေ မရှိဘဲနဲ့ တရားထိုင်ရင်းနဲ့ စိတ်ချမ်းသာမှု ရနေတဲ့ ပုဂ္ဂိုလ် အဲဒီ လူနှစ်ယောက်ကို သူတို့ရဲ့ဦးနှောက်ကို ဓါတ်ပုံတွေ ရိုက်ထားတယ် fMRI နဲ့ ဓါတ်ပုံရိုက်ထားတယ်။

★ အဲလို ဓါတ်ပုံရိုက်ထားတဲ့အခါကျတော့ စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်၊ stress နည်းတဲ့ ပုဂ္ဂိုလ်ဆိုရင်တဲ့ ဘေးပတ်၀န်ကျင်က ပြောတဲ့ဟာကို သူက ဆက်စပ်ပြီးတော့ အကောင်းဘက်ကနေ ယူနိုင်တယ်တဲ့၊ positive thinking ရှိတယ်။

★ အရမ်းကို စိတ်ဖိစီးမှုများတဲ့ ပုဂ္ဂိုလ်ကျတော့ ဘေးကကောင်းတာ ပြောလည်းပဲ သူက ကောင်းတယ်လို့ မထင်ဘူး၊ စိတ်ဖိစီးမှုက များနေတာကိုး။ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများနေရင် သတိထားကြပါ။ အဆိုးမြင်ဝါဒ negative thinking က ၀င်လာမှန်းမသိ ၀င်လာတတ်တယ်။

★ လုပ်ငန်းခွင်မှာရော ၀င်လာနိုင်တယ်၊ အိမ်မှာလည်းပဲ အဆိုးမြင်ဝါဒတွေ ၀င်တယ်။ အဆိုးမြင်ဝါဒ ၀င်ပြီဆိုရင် ကိုယ့်အိမ်သူအိမ်သားတွေ ဘယ်လောက်ပဲ ကောင်းတာလုပ်နေလုပ်နေ သူမလုပ်ပေးတာပဲ ကိုယ်က သွားပြီး မြင်မိတယ်။

★ သူလုပ်ပေးတဲ့ဟာကို ကျေးဇူးတင်မယ့်အစား အဲဒါ ကိုယ့်ရဲ့ ရပိုင်ခွင့်ဆိုပြီးတော့ သွားမြင်တယ်။ ကိုယ့်ရပိုင်ခွင့်ဆိုတာလည်းပဲ ရပိုင်ခွင့်ဆိုပြီး မြင်တဲ့ပုဂ္ဂိုလ်က သူက ရပိုင်ခွင့်က တိုးတိုးလာဖို့ပဲ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ရှိတဲ့ expectation တွေ မျှော်လင့်ချက်တွေ များပဲများလာမယ်။

★ အဲဒါကြောင့် မခံချင်တဲ့စိတ်ဖြစ်အောင် ကလေးတွေကို စိတ်ဓါတ်သွင်းတယ်ဆိုတာ ဒါ သူတို့ကို တမင်သက်သက် စိတ်ဖိစီး မှုများအောင် လုပ်လိုက်တာပဲ။ တချို့ကျတော့ အိမ်မှာတင် မကဘူး၊ ကျောင်းမှာလည်း ပါတယ်။ ခုနတုန်းက ပြောသလို ၁ ၂ ၃ ၄ ပေးတယ် အဲဒါမျိုးတွေ။

★ ဒိန်းမတ်နိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ ဖင်လန်နိုင်ငံတို့ဆို အဲ့နိုင်ငံတွေ ပညာရေးကောင်းတဲ့အထဲမှာ ထိပ်ဆုံးမှာနေတယ်။ အင်္ဂလန်နဲ့ အမေရိကန်ရဲ့ ထိပ်မှာတောင် ရှိသေးတယ်။ အဲ့ဒီနိုင်ငံရဲ့ သူတို့ရဲ့ အတန်းကျောင်းမှာ ဆုပေးပြီး စာကျက်ခိုင်းတာ မရှိဘူး၊ ဆုပေးတဲ့ စနစ်မရှိဘူး။

★ ဆုပေးတဲ့စနစ် မရှိဘဲနဲ့ ကလေးတွေက စာစိတ်၀င်စားတယ်၊ စာကျက်တယ်ဆိုတာ အဲဒီနည်းကတော့ မြန်မာနိုင်ငံ ရအောင်ယူဖို့သင့်တယ်။ သွားလေ့လာဖို့သင့်တယ်။

★ ဒါဖြင့် ဆုပေးစနစ် incentive focus ဆိုတဲ့ ဆုပေးစနစ် မသုံးဘဲနဲ့ ကလေးတွေက စာကျက်တယ်ဆိုတော့ သူတို့ကို အထက်ကနေပြီးတော့ ခြိမ်းခြောက်လို့လား? ချစ်ကြောက် ရိုသေ ဆိုတဲ့နေရာမှာ တချို့က ချစ်တာလည်းပျောက်သွားတယ် ရိုသေတာလည်း ပျောက်သွားတယ်၊ ကြောက်တာတစ်ခုပဲ၊ အကြောက်တရား အသုံးပြုတယ်။

★ အကြောက်တရားကို အသုံးပြုတာ threat focus ဆိုတာ Psychology မှာရှိတယ်။ အကြောက်တရာကို အခြေခံပြီးတော့ အကြောက်တရားကို လက်သုံးကိရိယာ instrument တစ်ခုအနေနဲ့ အသုံးပြုပြီးတော့ ကလေးတွေကို ခိုင်းတာ။

အဲလို လုပ်တယ်ဆိုရင်လည်းပဲတဲ့ အခု Neurologist တွေ၊ စိတ်အကြောင်း ဦးနှောက်အကြောင်း တွဲပြီးလေ့လာတဲ့ ★ ပုဂ္ဂိုလ်တွေ ပြောတာ အကြောက်တရားနဲ့ တွန်းရင်တဲ့ အဲ့အကြောက်တရားနဲ့ တွန်းခံရတဲ့လူတွေက သူတို့ကို ခိုင်းသလောက်ပဲ လုပ်နိုင်တယ်တဲ့။ ခိုင်းသလောက်ပဲ လုပ်နိုင်တယ်။

★ သူတို့ဟာသူတို့ တွေးပြီးတော့ initiative ဆိုတဲ့ဟာ အင်္ဂလိပ်စကား၊ သူတို့ဟာသူတို့တွေးပြီးတော့ ကြံဆတာမျိုးတွေ စိန္တာမယ ဉာဏ်မျိုးတွေ မဖြစ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အကြောက်တရားရဲ့အောက်မှာ ဦးနှောက်မပွင့်ပါဘူး၊ ဦးနှောက်က အကြောက်တရားနဲ့တွေ့ရင် ကျုံ့ပဲကျုံ့သွားတာ။

★ အဲဒါကြောင့် အဲဒီနိုင်ငံတွေမှာ အကြောက်တရားလည်း မသုံးဘူး။ ကြောက်အောင်လည်း မခြောက်ဘူး၊ မက်အောင်လည်း မက်လုံးတွေ မပေးဘူး။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

“မခံချင်တဲ့စိတ်ကို ဆုံးမပါ” (၂၅.၁.၂၀၁၉) တရားတော်အသံတော်မှ ကူးယူရေးသား ပူဇော်ပါသည်။

Photo credit – #Zifam Myanmar

နှသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီတည်ပါ

နှသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီတည်ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ သူများအတွက် များများတွေးပေးပါ။ ထမင်းစားခါနီးဆိုရင် တခြားသူတွေ စားပြီးပြီလား၊ နေရာထိုင်ခင်း ထိုင်တော့မယ်ဆိုရင် တခြားလူတွေ ထိုင်ဖို့ နေရာ ရှိပြီလား။ အဲဒီလိုတွေးရင် အလိုလို #ကရုဏာတရားဖြစ်နေတယ်။ အလိုလို ကုသိုလ်ဖြစ်နေတယ်။

★ ရဲဘော် (၁၀)ယောက်ရှိတယ်၊ အယောက်တိုင်း အယောက်တိုင်းက သူ့အတွက် ချက်ချင်းမတွေးဘဲနဲ့ တခြားသူတွေအတွက် တခြားကျန်တဲ့ (၉)ယောက်အတွက် သူတွေးတယ်ဆိုရင် ကုသိုလ်ဖြစ်တယ်။ သူတို့ အဆင်ပြေရဲ့လား။ ထမင်းစားနီးဆို သူတို့ စားပြီးပြီလား အဆင်ပြေရဲ့လား အဲဒါလေးတွေတွေးတယ်။

💕 အလိုလိုနေရင်း ကုသိုလ်ဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆို ကျန်တဲ့ (၉)ယောက်ကို သူရဲ့ တစ်ဦးတည်းသော ရင်သွေးလို ထားတဲ့ မိခင်မေတ္တာနဲ့ သူကြည့်နေတာကိုး။

★ အဲတော့ လုပ်ဖော်ကိုင်ဖက် (၉)ယောက်တင်မကဘဲနဲ့ ပြည်သူတစ်ရပ်လုံး သူတို့ရဲ့ စား၀တ်နေရေး သူတိုရဲ့ပညာရေး သူတို့ရဲ့ကျန်းမာရေး အဲဒါကို ကိုယ်ရဲ့စိတ်ထဲမှာ သူတို့ရဲ့ welfare wellbeing အဲဒါတွေ စဉ်းစားပြီးတော့ နေတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ အမြဲတမ်းပဲ ကရုဏာဖြစ်တယ်တဲ့။

★ တပ်မတော်ထဲ၀င်တာ ကရုဏာအခြေခံတဲ့ Motivation နဲ့ ၀င်တာမို့ သူများအတွက်ဆိုပြီး လုပ်သမျှ လေ့လာသမျှ တွေးသမျှ အကုန်လုံး သူများအတွက်ကြည့်ပဲ။ တိုင်းပြည်အတွက် ဆိုတာလည်း အများအတွက်၊ ပြည်သူအတွက်ဆိုတာလည်း အများအတွက်။ ဒါကြောင့် တပ်မတော် တာ၀န်ထမ်းဆောင်ရင်း ကုသိုလ်လည်း ၂၄-နာရီ ရအောင်ဆိုရင် အချင်းချင်း တပ်ထဲမှာ အခြားပုဂ္ဂိုလ်အတွက် များများတွေးပါ။

★ အရာရှိအရာခံရော မိသားစုရော အဲဒါများများတွေးရင် #ကရုဏာစိတ်ဖြစ်တယ်။ သူများအဆင်ပြေတယ်ဆိုရင် ၀မ်းသာတယ်။ အဲဒါကျ #မုဒိတာစိတ်ဖြစ်တယ်။ ဒီကုသိုလ်တွေက သောဘန စေတသိက် လို့ခေါ်တယ် Beautiful Mind လို့ခေါ်တယ် သောဘနစေတသိက်တဲ့။

😇 ကိုယ်က အလုပ်အကျွေးပြုတယ် ပြည်သူ့ကို ပြည်သူ့အကြောင်း များများတွေ သူတို့အကြောင်းများများတွေးနေလေ ကုသိုလ်ပိုဖြစ်လေပဲ။

★ ဒါကြောင့် ဒို့က တပ်မတော်မှာ နေရလို့ ဒုလ္လဘ၀တ်ဖို့အတွက် အချိန်သိပ်မရဘူး တရားစခန်း၀င်ဖို့ အချိန်မရလို့ အဲဒီလို ပြောတာတွေ ဘုန်းဘုန်းက ကြားတဲ့အခါကျတော့ ဒီတစ်ခုကိုတော့ စဉ်းစားပေးရမယ်ဆိုပြီး အကြံဖြစ်တယ်။ အဲဒါနဲ့ မေတ္တာသုတ်ကို သိပ္ပံပညာရှင်တွေ ပြောတဲ့ သိပ္ပံဆိုင်ရာကျမ်းစာတွေနဲ့ ပြန်ပြီးတော့ စဉ်းစားကြည့်တဲ့အခါကျတော့ ဒီအဖြေလေးရတယ်။

★ မြတ်စွာဘုရားအလောင်းတော်ပါရမီဖြည့်ပုံအကြောင်း ဘုန်းဘုန်းတို့ ဇာတ်တော်ထဲမှာ ၅၄၇-ဇာတ် ဆိုတာ ရှိတယ်။ အဲဒီထဲမှာ သူကိုယ်တိုင် ရဟန်း၀တ်ရတဲ့ အချိန်က နည်းနည်းလေးပါ။ သာသနာနဲ့ ကြုံရတဲ့အချိန် နည်းနည်းလေးပါပဲ။ သာသနာနဲ့ မကြုံရတဲ့ အချိန်များတောင်မှ ဘုရားဖြစ်အောင် ပါရမီတွေ ဖြည့်ကျင့်နိုင်တယ်။

★ ကိုယ်ကျတော့ အခုချိန်မှာ မြတ်စွာဘုရားရဲ့သာသနာတော်နဲ့လည်းတွေ့နေတယ် နောက် သာသနာတော်ရဲ့အကြောင်းကို ဦးထိပ်ထားတဲ့ သာသနာတော်ရဲ့အရေးကို ဦးထိပ်ထားတဲ့ နိုင်ငံတော် ခေါင်းဆောင်တွေလည်း ရှိနေတယ်၊ တပ်မတော် ခေါင်းဆောင်တွေလည်း ရှိနေတယ်၊ အဲလို ရှိနေတယ်ဆိုတော့ တချိန်လုံး တပ်မတော်သားတွေ မိသားစုတွေအနေနဲ့ ကုသိုလ်ဖြစ်ဖို့က မခဲယဉ်းဘူး။

★ တစ်ယောက်နဲ့တစ်ယောက် အများအတွက် များများစဉ်းစားပေးဖို့ပဲ။ တချို့ကျတော့ ထင်လိမ့်မယ် လူကြီးဖြစ်မှ ဒီလိုဘုရားတည်တာတွေ ဘုရားပြုပြင်တာတွေ ဒါတွေလုပ်နိုင်တာ၊ တပည့်တော်တို့က မလုပ်နိုင်သေးဘူး ဆိုပြီး အားမငယ်နဲ့။

★ သာသနာပြုတဲ့ လုပ်ငန်းတွေထဲမှာ အတွင်းသာသနာပြုတာ ရှိတယ်၊ အပြင်သာသနာပြုတာ ရှိတယ်။ အပြင်မှာ ဘုရားတည်တာ အဲဒါ ဥဒ္ဒိဿစေတီနဲ့ ပရိဘောဂစေတီ ဓာတုစေတီ ပူဇော်တယ်လို့ခေါ်တယ်။ အဲဒါ အပြင်မှာ ရှိတဲ့ စေတီ။

★ နှလုံးသားထဲမှာ ကိန်းအောင်းအောင်ထားတဲ့ ဓမ္မခန္ဓာ ဥပမာ ကရုဏာဆိုရင်လည်း ဓမ္မခန္ဓာ ထဲမှာ ပါတယ်။ ကိုယ်ရဲ့စိတ်ထဲမှာ ကရုဏာထားနိုင်ရင် ကရုဏာတည်အောင် ကရုဏာကိန်းအောင် ကရုဏာများအောင် compassionate ပုဂ္ဂိုလ်ဖြစ်အောင် ကိုယ်ဟာကိုယ် လုပ်တယ်ဆိုရင် #ကရုဏာဆိုတဲ့ဓမ္မစေတီဖြစ်တယ်တဲ့။

★ ကရုဏာ က ဓမ္မစေတီ၊ ကရုဏာက ဘာစေတီတဲ့တုန်း။ (ဓမ္မစေတီ ပါ ဘုရား) အဲဒီ ကရုဏာဆိုတဲ့ ဓမ္မစေတီ ကိုယ်ရဲ့ နှလုံးသားထဲမှာတည်နေတယ်တဲ့။ ဒါကြောင့် မိမိရဲ့နှလုံးသားထဲမှာ ကရုဏာဆိုတဲ့ ဓမ္မစေတီ ဘုန်းဘုန်းဒီနေ့ တည်ပေးတယ်။ ဒီ ဓမ္မစေတီ ကိုယ့်ဟာကိုယ် ဆက်ပြီးတည်ပါ။ အကြီးကြီးဖြစ်သွားအောင် တည်ကြပါ။

🔺 ဘယ်လိုလုပ်ရမှာတုန်းဆို အများအတွက် များများစဉ်းစားပါ။ နေ့တိုင်းလည်း စဉ်းစားနေရမယ်။ နေ့တိုင်းစဉ်းစားတတ်အောင်လို့ ဘုန်းဘုန်းက ဒီနေ့ အဲလို စဉ်းစားတဲ့ တရားဖြစ်ပါတယ်။ ဗြဟ္မစိုရ်တရားထဲမှာ ပါပါတယ်။

★ ဗြဟ္မစိုရ်တရားကို ကျင့်ကြံရင် တချို့ကတော့ သမထတရား နိဗ္ဗာန်မရနိုင်ဘူး ပြောသေးတယ်။ ဒါပေမဲ့ ကရုဏာတရားဖြစ်နေတဲ့အချိန်မှာ ဒေါသမဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် မနာလိုတဲ့ စိတ်မဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးတာလည်း မဖြစ်ဘူး။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးတာလည်း မဖြစ်ဘူး။ ဒါကြောင့် ကရုဏာတရားကို များများပွားပါ။

★ အဲဒီ ကရုဏာတရားတွေနဲ့အညီ မိမိရဲ့ ကိုယ်စီကိုယ်စီ နှလုံးသားထဲမှာ ဓမ္မစေတီတည်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ယုံတင်မက ကရုဏာဦးဆောင်တဲ့ စိတ်ဓာတ်တဲ့ ကိုယ်တွင်းကိုယ်ပ ပြည်တွင်းပြည်က မိမိအကျိုး သာသနာတော်အကျိုး တိုင်းပြည်အကျိုး ဒီထက်ပိုပြီးတော့ သယ်ပိုနိုင်တဲ့ပါရမီထူးရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။

သာဓု၊ သာဓု၊ သာဓု။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)” တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။

Transcribed #ThazinHtike

ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာသိလား

ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာသိလား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားခြင်းနဲ့ စပ်ပြီးတော့ မေးခွန်းတွေကို ဆက်ဆက်ပြီးတော့ မေးတဲ့အထဲမှာ မိလိန္ဒမင်းက “ဘန္တေ နာဂသေန ယော န ပဋိသန္ဒဟတိ၊ ဇာနာတိ သော န ပဋိသန္ဒဟိဿ မီ” သူမေးတဲ့ မေးခွန်းကတော့ နောက်ဘဝ ပြန်မမွေးဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ကိုယ်တိုင်က ငါတော့ ပြန်မမွေးတော့ဘူး နောင်ဘဝ ငါ့မှာ မရှိတော့ဘူးလို့ သိသလားတဲ့ ဒီမေးခွန်းမေးတာ။

★ အဲတော့ ဘဝတခု အဆုံးသတ်သွားလို့ ပြန်မွေးတဲ့ပုဂ္ဂိုလ် ပြန်မမွေးတဲ့ပုဂ္ဂိုလ် ရှေ့ပိုင်းမှာ မေးထားတဲ့အခါ ရှင်နာဂသေနက ဖြေဆိုထားတာတွေရှိတယ်။ “သကိလေသော ပဋိသန္ဒဟိဿ သီတိ၊ နတ္ကိလေသာ ပဋိသန္ဒဟိဿ သီတိ” ကိလေသာ မကင်းသေးဘူးဆိုရင် ပြန်မွေးမယ်တဲ့။ ကိလေသာကင်းပြီဆိုရင် ပြန်မမွေးတော့ဘူး။

အဲဒီပြန်မမွေးဘူးဆိုတဲ့ ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာ ကြိုတင်ပြီးတော့ သိနေသလား ဒီမေးခွန်းမေးတာ။ သူမမွေးဘူး ဆိုတာ သူသိသလား ဆိုတော့ ရှင်နာဂသေနက ဖြေတယ်။ အာမ မဟာရာဇာ မင်းကြီး သူသိတာပေါ့တဲ့ သူပြန်မမွေးဘူးဆိုတာ သူသိတာပေါ့။

★ အဲဒီတော့ မိလိန္ဒမင်းကြီးက ထပ်မေးတယ်။ “ကထံ ဘန္တေ ဇာနာတီတိ“ သူပြန်မမွေးဘူး ဆိုတာ သူဘယ်လိုလုပ် သိတာလဲ ဘယ်လိုလုပ် သိလဲ။ ကိုယ့်ကို ပြန်မွေးမယ် မမွေးဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ သူသိနိုင်တာတုန်းလို့ ဒီမေးခွန်းမေးတယ့်အခါမှာ ရှင်နာဂသေနက general point နဲ့ဖြေထားတယ်။

★ “ယော ဟေတု ယော ပစ္စယော မဟာရာဇ ပဋိသန္ဒဟနာယ၊ တဿ ဟေတုဿ တဿ ပစ္စယဿ ဥပရမာ ဇာနာတိ” ပြန်လည်မွေးဖွားခြင်းရဲ့ ပြန်လည်မွေးဖွားခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်း၊ ထောက်ပံ့ ကူညီတတ်တဲ့အကြောင်းတွေ အဲဒီပြန်လည် မွေးဖွားမှုကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းနဲ့ ထောက်ပံ့ကူညီမှုဆိုတဲ့ အကြောင်းနှစ်ခု ရပ်စဲသွားတာကို ရပ်စဲသွားလို့ အဲဒီအကြောင်းနှစ်ခု ရပ်စဲချုပ်ငြိမ်းသွားတာကို သိပြီးတော့ ပြန်မမွေးဘူးလို့ သူသိတယ်တဲ့။ ဒီအဖြေလေးကို ဖြေတာ။

★ အဲဒီမှာ “ယော ဟေတု ယောပစ္စယော” ဟေတုနဲ့ ပစ္စယ နှစ်ခု ခွဲပြီးတော့ဖြေထားတာရှိတယ်။ လောကလူတွေဟာ ပြန်ပြန်ပြီးတော့ မွေးနေတာ ဘာ့ကြောင့်မွေးလဲဆိုတော့ မွေးရခြင်းရဲ့ အကြောင်းရှိလို့ မွေးတာပေါ့။ မွေးရခြင်းအကြောင်းတွေက ဘာတွေတုန်းဆို ကံတရားရယ်၊ ကိလေသာရယ် ကံနဲ့ကိလေသာပေါင်းစပ်ထားလို့ရှိရင် အဲဒီကံ ကိလေသာမကင်းသေးဘူးဆိုရင် ဒီပုဂ္ဂိုလ် ပြန်မွေးမှာပဲ။

★ ကံတရားကို ဟေတုလို့ပြောပြီးတော့ ကိလေသာကို ပစ္စယာလို့ပြောတယ်။ လောကမှာ အကြောင်းက နှစ်မျိုးနှစ်မျိုးရှိတယ်။ Producing cause ဆိုတာ ထုတ်လုပ်တဲ့အကြောင်းတစ်ခု ထုတ်လုပ်တဲ့အကြောင်း၊ Supporting cause ဆိုတာ ထောက်ပံ့ကူညီတဲ့အကြောင်း။ အကြောင်ဟာ နှစ်မျိုးရှိတယ်။

★ ဆိုပါစို့ မျိုးစေ့လေးတစ်ခုက အပင်ပေါက်လာတယ်ဆိုလို့ရှိရင် အဲဒီအပင်ကို ထုတ်လုပ်တဲ့အကြောင်းက မျိုးစေ့၊ ကူညီထောက်ပံ့တဲ့အကြောင်းက မြေနဲ့ရေ ဒီလိုဆိုတယ်။ မြေနဲ့ရေကြောင့် မျိုးစေ့ဟာအပင်ကို ထုတ်တယ်။ အဲတော့ မျိုးစေ့ကို “ဟေတု” မြေနဲ့ရေကို “ပစ္စယ”။ ဒါကြောင့်မို့လို့ ဇနကဟေတု producing cause၊ ဥပါဌမကာဟေတု supporting causeလို့ အကြောင်းနှစ်မျိုးခွဲပြီးတော့ စကားလုံးနှစ်လုံးကိုပြောလိုက်တာ ဟေတုနဲ့ပစ္စယ။

★ ဟို ဟေတုပစ္စည်းနဲ့ မတူဘူးနော် ဒီဟာ။ ဟေတုပစ္စည်းလို့ပြောတာက အဓိပ္ပါယ်တစ်ခု။ စာပေဂျမ်းကန်မှာ ဟေတုနဲ့ပစ္စယ ပဋ္ဌာန်းကလွဲလို့ ဟေတုနဲ့ပစ္စယ နှစ်ခုပြောထားပြီဆိုရင် အဲဒီလိုနားလည်ရတယ်။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော ဒီပစ္စယောတွေက အားလုံးနဲ့တူညီတဲ့ အကြောင်းတစ်ခုကိုပြောတာ။ ကျေးဇူးပြုတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ပြောတာ။

★ အေး သုတ္တန်ပါဠိတော်တွေမှာ ဟေတုနဲ့ပစ္စယ နှစ်ခုတွဲဖက်ပြီးတော့လာပြီဆိုရင် ဘယ်လိုနားလည်ရတုန်းဆိုတော့ ဟေတုဆိုတာ ထုတ်လုပ်တဲ့အကြောင်း ပစ္စယဆိုတာ အကူအညီအကြောင်းလို့ နှစ်ခုရှိတယ်။ ဆိုပါစို့ မှောင်နေတဲ့အခန်းထဲမှာ မီးထွန်းလိုက်တယ် သို့မဟုတ် အလင်းမီးဖွင့်လိုက်တယ်။ ဖွင့်လိုက်တဲ့အခါကျတော့ အဲဒီအခန်းထဲမှာရှိတဲ့ နဂိုက မှောင်နေတုန်းက မမြင်ရတဲ့ စားပွဲ၊ ကုလားထိုင် စတဲ့ပရိဘောဂတွေ မြင်လိုက်ရတယ်။

★ အဲဒီစားပွဲကုလားထိုင်တွေကို အလင်းရောင်က ထုတ်လုပ်ပေးတာလားဆိုတော့ ထုတ်လုပ်တာမဟုတ်ဘူး။ နဂိုကတည်းကရှိနေတာ သို့သော် မီးရဲ့ အကူအညီ အလင်းရောင်ရဲ့အကူအညီကြောင့် စားပွဲ ကုလားထိုင်ကိုမြင်ရတာ။ အဲဒါမျိုးကို အကူအညီအကြောင်းလို့ခေါ်တယ်။ ထုတ်တာမဟုတ်ဘူး သူကနော်။

★ Producing cause နဲ Supporting cause ဒီအကြောင်းနှစ်ခုကို ကွဲကွဲပြားပြားနားလည်ရမယ် ဘယ်နေရာပဲဖြစ်ဖြစ်။ ဘယ်အရာကထုတ်လုပ်တဲ့ အကြောင်းဖြစ်ပြီး ဘယ်အရာက အထောက်အကူပြုတာလဲဆိုတာ ဒီနှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုအပ်တယ်ပေါ့။

★ အခုဒီမှာလဲ ရှင်နာဂသေနကဖြေတယ် “ယော ဟေတု ယောပစ္စယော ပဋိသန္ဒဟနာယ” ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားဖို့ဆိုတဲ့နေရာမှာ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းနဲ့ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခုရှိတယ်တဲ့။

★ အဲဒီ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းရယ်၊ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခု ပြတ်စဲသွားပြီဆိုရင် မမွေးတော့ဘူး။ အဲဒီအကြောင်းမရှိတော့ဘူးလို့သိခြင်းဟာ ပြန်လည်မမွေးဖွားတော့ဘူးလို့ သိနိုင်ခြင်းရဲ့အကြောင်းပဲ။ ဒီလိုဖြေလိုက်တာနော်။ အကြောင်းကိုကြည့်ပြီး အကျိုးမဖြစ်ဘူးဆိုတာကိုပြောတာပဲ ဒီလိုပြောတယ်ဆိုတာ။

★ အဲဒီတော့ မိလိန္ဒမင်းကြီးက ရှင်းအောင်ထပ်မေးတယ်။ “သြပမ္မံ ကရောဟီတိ” အရှင်ဘုရား ဥပမာလေးနဲ့ပြောပါဦး ဥပမာစကားလေးနဲ့ပြောစမ်းပါဦးဆိုတော့ ”ယထာ မဟာရာဇ ကဿ ကော ဂဟပတိကော ကသိတွာစ ဝပိတွာ စ ဓညာဂါရံ ပရိပူရေယျတိ“ ရိုးရိုးလေးပဲ လူတိုင်းသိတဲ့ ဥပမာနဲ့ပြောတယ်။

★ စပါးဂိုဒေါင်ကြီးရှိတယ် အဲဒီစပါးဂိုဒေါင်ကြီးကို လယ်သမား လယ်လုပ်ငန်းနဲ့ အသက်မွေးတဲ့လူတစ်ယောက်ဟာ သူ့မြေကွက်ကြီးမှာစပါးတွေကိုစိုက်ဖို့ ထွန်ယက်တယ် ပျိုးတယ်။ စပါးပျိုးဖို့ ထွန်ယက်တယ် စိုက်ပျိုးတယ်။ အဲဒီလို ထွန်ယက်စိုက်ပျိုးပြီးတော့မှ သူဘာလုပ်လဲဆိုတော့ ရလာတဲ့စပါးတွေနဲ့ စပါးဂိုဒေါင်ကြီးကို ဖြည့်တင်းတယ်ပေါ့။ ဒါလုပ်ရိုးလုပ်စဉ်ပဲနော်။

★ စပါးဂိုဒေါင်ကြီးကို ဖြည့်လိုက်တယ်ပေါ့။ အဲဒီလိုစပါးဂိုဒေါင်ကြီးကိုဖြည့်တာ အဲဒီလယ်သမားဟာနှစ်စဉ် နှစ်စဉ်လုပ်နေကြပဲ။ ရာသီဥတုအချိန်တန်လာလို့ရှိရင် လယ်ထွန်တယ် ထွန်ပြီးရင်စပါးစိုက်တယ်။ ရလာတဲ့စပါးတွေ ရိတ်သိမ်းပြီး ဂိုဒေါင်ထဲဖြည့်တယ် ဒါသူလုပ်နေကြ။ အဲတခါကျတော့ သူ လယ်ယာလုပ်ငန်း သူမလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဘာလုပ်လဲ သူဟာ ထွန်လည်းမထွန်တော့ဘူး စပါးလည်း မစိုက်တော့ဘူး ထွန်လည်းမထွန် စပါးလည်းမစိုက်တော့ဘူး။

★ ထွန်ပြီးယက်ပြီးလို့ သိမ်းထားတဲ့စပါးတွေကိုပဲ သူဟာ ထိုင်ပြီးတော့စားတယ် ရောင်းပြစ်လိုက်တယ်။ ဂိုထောင်ထဲထည့်ထားတဲ့ဟာတွေ နောက်ထပ်ထပ်ပြီးတော့ ဂိုဒေါင်ကိုမဖြည့်တော့ဘူး။ ရှိပြီးသားစပါးတွေကို သူထုတ်ရောင်းတယ် သို့မဟုတ် စားပြစ်တယ်။ သို့မဟုတ် သူလုပ်ချင်သလို အဲဒီဂိုဒေါင်ထဲကဟာတွေကို ထုတ်ထုတ် ထုတ်ထုတ်ပြီးတော့ အသုံးချပလိုက်တယ်။

★ အသုံးချပစ်ပြီးတော့ နောက်ထပ်လဲ ထွန်တာ ယက်တာ စိုက်ပျိုးတာမလုပ်တော့ဘူး ဆိုလို့ရှိရင် အဲဒီလယ်သမားဟာ သူ့ကိုယ်သူသိသလားတဲ့။ ငါ စပါးဂိုဒေါင်ကြီးကို စပါးမဖြည့်တော့ဘူးဆိုတာ သူ့ကိုယ်သူသိသလားတဲ့။ စပါးဂိုဒေါင်ထဲက စပါးတွေ ထုတ်သုံး ထုတ်ရောင်း နောက်ထပ်လည်း မစိုက်တော့ဘူး မထည့်တော့ဘူးဆို စပါးဂိုဒေါင်ကြီးကို သူဖြည့်မယ် မဖြည့်တော့ဘူးဆိုတာကို မသိနိုင်ဘူးလားဆိုတော့ “အာမဘန္တေ ဇာနေယျ” အရှင်ဘုရားသိနိုင်တာပေါ့တဲ့။ ရှင်းရှင်းလေးရယ် ဒီဥပမာဟာနော်။ အရှင်ဘုရား သိနိုင်တာပေါ့တဲ့။

★ “ကထံ ဇာနေယျ” ဘယ်လိုလုပ်သိတုန်း။ သူဘယ်လိုလုပ်သိတာတုန်းလို့ ရှင်နာဂသေနက ထပ်မေးတယ် “ယော ဟေတု ယောပစ္စယော ဓညာဂါရဿ ပရိပူရဏာယ” စပါးဂိုဒေါင်ကြီးကို ထပ်ဖြည့်ဖို့ အကြောင်းတရားတွေကို သူမလုပ်တော့ဘူးတဲ့။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ စပါးစုဆောင်းခြင်းဆိုတဲ့ ဒီအလုပ်တွေ သူမလုပ်တော့ဘူး။ အကြောင်းတရားတွေကို သူမလုပ်တော့ဘူး။

★ အဲတော့မလုပ်တော့ အဲဒီစပါးဂိုဒေါင်ကြီးကို ဖြည့်တင်းဖို့ စပါးစိုက်ပျိုးတဲ့အလုပ်ကို မလုပ်တာကို လုပ်ခြင်းဆိုတဲ့အကြောင်းတရား ရပ်ဆိုင်းလိုက်တာကို သူသိတယ်တဲ့။ သိသောကြောင့် ငါ့စပါးဂိုဒေါင်ကြီးထဲတော့ စပါးမဖြည့်နိုင်တော့ဘူးဆိုတာလဲ သူသိတယ်တဲ့ အဲဒီနည်းနဲ့သိတာ။ ဆိုလိုတာက ဖြည့်စရာအကြောင်း မရှိတော့ဘူး။ ဖြည့်ဖို့မလုပ်တော့ဘူး မလုပ်တော့သည့်အတွက်ကြောင့် စပါးဂိုဒေါင်ကြီး မပြည့်တော့ဘူးဆိုတာကို သူသိတယ် အဲဒီလိုနည်းနဲ့သိတာလို့။

★ အဲဒီအတိုင်းပဲ နောင်ဘဝဖြစ်ဖို့ ထုတ်လုပ်တဲ့အကြောင်းတရားတွေ၊ ကံဆိုတဲ့ထုတ်လုပ်တဲ့အကြောင်းတရား နောင်ဘဝဖြစ်ဖို့ကိလေသာဆိုတဲ့ အထောက်အကူပြုတဲ့အကြောင်းတရားတွေ ဒီအကြောင်းတရားတွေရပ်စဲသွားပြီ နောင်ဘဝပြန်လည်မွေးဖွားဖို့ မွေးဖွားစေနိုင်တဲ့အကြောင်းတရားတွေ ရပ်စဲသွားပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် သူဟာ နောင်ဘဝမမွေးတော့ဘူးဆိုတာကို ယတိပြတ် သူဒီနည်းနဲ့သိတာပါလို့ ဒီလိုဖြေလိုက်တယ်။

★ အကြောင်းဖယ်လိုက်တဲ့အခါမှာ အကျိုးမလာဘူးဆိုတာ ဒါရှင်းရှင်းလင်းလင်းသိတယ်နော်။ အဲဒီလိုဖြေလိုက်တဲ့အခါကျတော့မှ မိလိန္ဒမင်းကြီးက “ကလ္လောသိဘန္တေ နာဂသေန” အရှင်ဘုရားဖြေတာ သင့်လျော်ပါတယ် သဘောပေါက်ပါပြီ ဒီလိုဆိုတယ်။ ဆိုလိုတာက အကြောင်းမရှိတော့ရင် အကျိုးကမလာဘူးဆိုတာနော်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၇)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit ~

သန္ဒိဋ္ဌိကဓမ္မလမ်းစဉ် (၁၈)ချက်

” သန္ဒိဋ္ဌိကဓမ္မလမ်းစဉ် (၁၈)ချက် “


ဝေဘူဆရာတော်ကြီး

(၁)။ ဘုရားအဆုံးအမဖြစ်တဲ့ ပိဋိကတ်သုံးပုံ အကုန်လုံးဟာ* ဆင်းရဲမှုမှလွတ်ကင်းရာတစ်ခု* ဖြစ်သောနည်းတွေများသော်လည်း အားလုံးအတူတူဘဲ၊
အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး၊ အများကြီးထဲက ကြိုက်ရာတစ်ခုကို ဝီရိယမှန်မှန်နဲ့သန်သန်လုပ်ဖို့ အရေးကြီးတယ်။

(၂)။ စရဏ( အကျင့် ) နဲ့ ဝိဇ္ဇာ( အသိ )
တပြိုက်နက်ဖြစ်အောင် လုပ်ရတယ်၊ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါဘဲရှိတယ်။ ( အလုပ်လုပ်ရင်းရအောင်ရှုပါ )။

(၃)။ ဘုရားစကား၊
ဆရာ့စကား တစ်ထစ်ချ နာယူ၊
အရာရာ ရိုသေ၊ ကိုယ့်ကို နှိမ်ချ၊
ခန္တီနဲ့ မေတ္တာများများထားပြီးလုပ်ရတယ်။

(၄)။ * ဝိပဿနာတရား * ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းဖြစ်တယ်၊
ထင်ရှားရှိတဲ့တရားကို မြင်အောင် မရှုနိုင်ရင် ဝိပဿနာမဖြစ်ဘူး။

(၅)။ ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်၊
ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့
ရုပ် နာမ်တရားတွေဘဲဖြစ်တယ်။

(၆)။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်၊ နာမ်တရားတွေထဲမှာ လူတိုင်းနားလည် လွယ်ကူတာဟာ * အာနာပါန * ၀င်လေ ထွက်လေ ရှုမှတ်မှုဖြစ်တယ်။

(၇)။ * ထွက်လေ ၀င်လေ * ဆိုတာ အမိ၀မ်းမှာ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ် ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာဘဲ။

(၈)။ ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်းအမှတ်တမဲ့နေကြလို့ * သတိမမူ ဂူမမြင် * ဖြစ်နေကြတယ်။ * သတိမူရင် မြူကိုတောင်မြင်ရတယ် * ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

(၉)။ * ကြည့် * ဆိုရာမှာ ဝိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေ ထိရာ နှာဖျားနှာ၀မှာ၀င်တိုင်း ထွက်တိုင်းရိပ်ရိပ် ရိပ်ရိပ်နဲ့ တထိထဲ ထိနေတာကို တသိထဲ သိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။
အိမ်အမိုးကိုစပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။
( ၂၄ နာရီ အမြဲမပြတ် တစပ်တည်း ရပါစေ )

(၁၀)။ တစ်ရက် ၂၄ နာရီ တစပ်တည်းရလျှင် အလွန်သိသာပါတယ်။( နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင် ) ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာဖို့ချည်းပဲ။
ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ပုဂ္ဂိုလ်များ ပိုပြီးတော့တောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။
အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး
နိုးတော့မှာ မဟုတ်ဘူး။
အိပ်ချင်ရင်မအိပ်ချင်တဲ့ နေရာရှိတယ်။
အဲဒီကို ရောက်အောင်သွား။

(၁၁)။ ထိတာကို သိနေရင် သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခိယတရား ၃၇ ပါး၊ ပိဋိကတ်သုံးပုံ အလုံးစုံတစ်ပြိုက်နက် ပါ၀င်ပြီးဖြစ်တယ်။

(၁၂)။ ထိတာဟာ ရုပ်သဘောဖြစ်တယ်။ သိတာဟာ နာမ်သဘောဖြစ်တယ်။

(၁၃)။ တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း
( ရုပ် နာမ် ) ဖြစ်မှု ပျက်မှုတွေ ဖြစ်ပျက်ပြီးနေခြင်းဖြစ်တယ်။

(၁၄)။ တရိပ်ရိပ်နဲ့ နှာဖျား၀မှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ဝိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါနှာဖျား၊ နှာ၀တွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလိုတရိပ်ရိပ်၊ တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။

(၁၅)။ တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ ( အနိစ္စကို ကောင်းစွာမြင်သာသောကြောင့် ) ဒုက္ခနဲ့ အနတ္တဟာ အလိုလိုထင်မြင်လာလိမ့်မယ်။ ပါးစပ်ကဆိုနေဖို့ မလိုဘူး။ ဝိပဿနာအလုပ်ဟာ ထိမှုကို ကြည့်နေသိနေရုံသာ ဖြစ်တယ်။ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက် တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။

(၁၆)။ အဲဒီလို တရိပ်ရိပ်နဲ့ သိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်းမဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့

  • ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ * ဖြစ်သွားတော့တယ်။
    သူများ မေးစရာမလို ကိုယ်တိုင်သိမယ်
    ( သန္ဒိဋ္ဌိကော )။
    ( သန္ဒိဋ္ဌိကော – ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်း တွေ့နေရတယ်။ )

(၁၇)။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ရပြီး၊ ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ဝိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့ တူတယ်။

(၁၈)။ ယုံယုံကြည်ကြည် လုံ့လ ဝီရိယရှိရှိနဲ့ ထိမှု၊ သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့။
အခုလုပ်၊ အခုမီးငြိမ်း၊
အခုချက်ချင်းပဲ ချမ်းသာတယ်။
( အကာလိကော )
(အကာလိကော – ကာလမခြားအကျိုးရှိတယ်။)

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး

ပြန်လည်မျှဝေပူဇော်ပါသည်

Design a site like this with WordPress.com
Get started