ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်… ဆုံးဖြတ်နေကြ တာတွေနဲ့ ပတ်သက်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ရှင်းပြချက်

သေရင် မပုတ်တာ၊ ပျော့နေတာ တွေကြည့်ပြီး အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်ပြောနေကြတာတွေကို ပါမောက္ခချုပ်ဆရာတော်ကြီးဒီလိုမိန့်ထားပါတယ်။
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

သေရင် မပုတ်တာ၊
ပျော့နေတာ တွေကြည့်ပြီး
အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်… ဆုံးဖြတ်နေကြ တာတွေနဲ့ ပတ်သက်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ရှင်းပြချက်။

“အမြင်နဲ့ ဆုံးဖြတ်သူများ”
–ကြားဖူးတယ်မို့လား အရှင်ကောဏ္ဍညကြီးဆိုတာ။
သူက သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
တကယ့်ကိုသံဃာတွေရဲ့နောင်တော်ကြီးသဖွယ် တရားထူး တရားမြတ်ကို ပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး။ ဒါ့ကြောင့် အညာသိကောဏ္ဍညော၊ အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍည ဒီလိုဆိုတာ။
သူကလည်းပဲ အရှင်သာရိပုတ္တရာတို့လို ထက်မြက်တဲ့ပုဂ္ဂိုလ်တွေ ရောက်လာတဲ့အခါ သူကထေရ်ကြီးဝါကြီးဖြစ်တော့ သူ့ကို အရိုအသေပေးနေရတာတွေ jealousy မဖြစ်ဘူး ရဟန္တာ-ဆိုတာ။
အခုခေတ်ဆိုလို့ရှိရင် ငါ့နောက်မှလာပြီးတော့
ငါ့အထက်ကရောက်တယ်ဆိုပြီး jealousy ဖြစ်ချင်ဖြစ်မယ်။
သူ့မှာjealousy မရှိဘူး။
အော် သူတို့
(အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်) ဒီထူးချွန်ထက်မြက်မှုဟာ သာမန်နဲ့ရတာမဟုတ်ဘူး။
ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်။ အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ငါရှိနေရင် သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီး သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
ဟိမဝန္တာတောင်က ဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာ
သွားနေတယ်။ တောကျောင်းထဲမှာ သွားနေတယ်။
သံဃာ့ပရိသတ်ထဲကို မလာဘူး။ သူ့ကိုပြုစုတာက
လူတွေ မဟုတ်ဘူး တောဆင်ရိုင်းတွေက သူတို့ကို ပြုစုနေတာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မေတ္တာက တအားကောင်းတာကိုး။ ဆင်တွေရဲ့အလုပ်အကျွေးကိုခံပြီးတော့ အဲ့ဒီမှာပဲ ပရိနိဗ္ဗာန်ပြုသွားတယ်။
သို့သော် ပရိနိဗ္ဗာန် စံခါနီးလေးကိုတော့ မြတ်စွာဘုရားကို လာကန်တော့သွားသေးတယ်။ နောက်ဆုံးကန်တော့တဲ့အနေနဲ့ လာဝန်ချကန်တော့သွားတယ်။ အဲ့ဒီမှတ်တမ်းတွေကတော့ သံယုတ်ပါဠိတော်မှာ ကောဏ္ဍညသုတ်-ဆိုတာ အဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။
အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့ ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့ ထိုင်လျက် သမာပတ်တွေ ဝင်စားပြီးတော့ ထိုင်လျက် ပရိနိဗ္ဗာန်စံသွားတယ်။
အခုခေတ်ကတော့ သေတာလိုက်ကြည့်ပြီးတော့
လက်ယာဘက်စောင်းရင် အရိယာတို့ဘာတို့ လျှောက်ပြောနေတာ။
အကုန်လုံး ပုံသေမမှတ်ရဘူး ဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက် စောင်းမှာပဲ လေးတဲ့ဘက်စောင်းမှာပဲ။
အဲ့ဒါနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ။ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲ မတ်တပ်ရပ်လျက် ပျံလွန်တော်မူတာ။
ထိုင်လျက် ပျံလွန်တော်မူတာ ရှိတယ်။
ဘယ်လိုလို့ လက်ယာဘက်စောင်းသွားမှာတုန်း။ တချို့က အဲ့ဒါတွေ လိုက်ပြီးတော့ အော် ဘယ်ဖက်စောင်းသေတာတုန်း ဒီလိုစာထဲလည်း မရှိပါဘူး။ ဘယ်သူကစပြောလဲ မသိဘူးဒါတွေ။ အရပ်ထဲမှာပြောတာတွေ စာထဲမှာမရှိတဲ့အကြောင်း ထည့်ပြောပြတာ။
သူဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်းမဖြစ်ဘူး။ ဒါတွေက Evidence မဖြစ်သင့်ဘူး။
နောက်ရှိသေးတယ်။
သေသွားပြီးတော့ ပျော့နေတယ်။ ဒါ့ကြောင့်မို့လို့
တရားထူးတရားမြတ်ရတယ်။ ရဟန္တာပဲ ဒါလည်း
မဖြစ်သင့်ဘူး။
ဒီဟာလည်း အဓိကမဟုတ်ဘူး။
ဒါက လူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ သက်ဆိုင်တယ်။ ပူတိဂတ္တ တိဿမထေရ် -ဆိုတာ တကိုယ်လုံးရောဂါဖြစ်ပြီးတော့ ပုပ်ပွပြီးတော့ ပရိနိဗ္ဗာန်စံသွားတာပဲ။ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာကြီးပဲ။
အဲ့ဒီတော့ ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ Evidence ရှာတာ မမှန်ဘူး- လို့ပဲ ပြောရမယ်။
အကျင့် နှလုံးသွင်းတရားနဲ့ပဲ လိုက်ပြီး စဉ်းစားရမယ်။
ဒီလိုမှ မဟုတ်ရင် မှားမှားယွင်းယွင်းတွေ အများကြီးဖြစ်နိုင်တယ်။
အပေါ်ယံကို မကြည့်သင့်ဘူးလို့။ ရုပ်ပိုင်းဆိုင်ရာတွေက အကုန်လုပ်လို့ ရတယ်လေ။
ဓာတ်တော်တွေ ကျအောင်လုပ်လို့ ရတယ်။ Chemical နဲ့ ဓာတ်တော်ကျအောင် လုပ်လို့ရတယ်။
လုပ်နေတဲ့သူတွေလည်း ရှိပုံရတယ် ကြည့်ရတာ။
အဲ့ဒီတော့ ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကြည်ညိုလေးစား။
ဓာတ်တော်မကျလို့လည်း မပြစ်မှားလေနဲ့။
ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားက ထူးဆန်းအံသြဖွယ်ကို လုပ်မပြရဘူးလို့ ဟောထားတာ ရှိတယ်။
ဘာပြုလို့တုန်းဆိုတော့ လောကမှာ မျက်လှည့်အတတ်
တွေအများကြီးရှိတယ်တဲ့။ ဘုန်းကြီးတို့ဟောထားတယ် “အစွမ်းတန်ခိုးများနဲ့သာသနာ” ဆိုတာ ဒါ သတိထားစရာတွေ ဟောထားတာ။
ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊
အနုသာသနီပါဋိဟာရိယ ဆိုပြီး (၃)မျိုးရှိတဲ့ အထဲမယ် တန်ခိုးမပြရဘူး။
ဣဒ်ဓိပါဋိဟာရိယ၊ အာဒသေနာပါဋိဟာရိယ၊ မပွရဘူး။
အနုသာသနီပါဋိဟာရိယ – ဆုံးမ သွန်သင်မှုကိုသာ ပြုရမယ်လို့။
မြတ်စွာဘုရားက ဒီလို ဆုံးမထားတာ။
ဘာဖြစ်လို့လဲဆိုတော့ စိန္တာမဏိ-အတတ်ပညာတွေ
ရှိတယ်တဲ့ သူများစိတ်ကို သိတဲ့အတတ်တွေ။ တော်ကြာကျတော့ ရဟန္တာဖြစ်ပြီးတော့ တကယ်ရဟန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်က မစဉ်းစားလို့ဖြစ်စေ မဆင်ခြင်လို့ဖြစ်စေ မသိဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကိုသွားပြစ်မှား
တော့မှာပေါ့။
သူများစိတ်ကို သိမှု မသိမှုနဲ့ ရဟန္တာကို သွားတိုင်းတာလို့ရှိရင် တကယ့်ရဟန္တာကြီးက မသိဘူးဆိုရင် ပြစ်မှားကုန်တော့မှာပေါ့။ ဥပမာ-မယ် တန်ခိုးမရှိတဲ့ ရဟန္တာတို့ သွားပြီး ပြစ်မှားမိတော့မှာပေါ့။
နောက်တစ်ခါ အခုခေတ်လူတွေပြောနေသလို
နေထိုင်တဲ့အချိန်လေးကို ဒီဆရာတော်ကြီးကတော့ အနေအထိုင်ကောင်းတယ်။ အကျင့်ကောင်းတယ်
သို့သော် ပျံလွန်မူတဲ့အခါ ညာဘက်မစောင်းပဲ ဘယ်ဘက်စောင်းသွားတယ်ဆိုပြီး သွားပြစ်မှားရင်လည်း ဒုက္ခရောက်မှာပဲ။ သူစောင်းချင်တဲ့ဘက် စောင်းမှာပေါ့ ဒါကတော့။
မြတ်စွာဘုရားသာ ကျိန်းတဲ့အခါ ဘယ်ဘက်စောင်းအိပ်တယ်ဆိုတာ အတိအကျရှိတာ။
ကျန်တဲ့ရဟန္တာတွေက ထိုင်လျက်ပျံလွန်တော်မူတဲ့ ကိုယ်တော်ရှိတယ်။ မတ်တပ်ရပ်ပျံတော်မူတဲ့ ကိုယ်တော်ရှိတယ်။ ဘယ်လိုလုပ် စောင်းမှာတုန်း အဲ့ဒီကျတော့။
အရှင်ကောဏ္ဍည-ဆို ထိုင်လျက် ပရိနိဗ္ဗာန်စံသွားတာလေ။ အရှင်အာနန္ဒာဆို ဘယ်ဘက်စောင်းလို့ရမှာတုန်း ကောင်းကင်မှာ ပရိနိဗ္ဗာန်စံသွားတာ။
ကဲ ဘယ်လိုလုပ် လက်ယာဘက်တွေ ပြောလို့ရမှာတုန်း။
ဒါတွေဟာ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုအပ်တယ်။
ဒါတွေက Evidence မဖြစ်သင့်ဘူး။ သာဓက မဖြစ်သင့်ဘူး။ တရားထူးတရားမြတ်ရခြင်းရဲ့
သာဓက-မဖြစ်သင့်ဘူး။
တရားထူး တရားမြတ်ရခြင်းရဲ့ သာဓက-က သူတော် သူမြတ်တို့ရဲ့ နှလုံးအိမ်မှာဘာတွေ ရှိတယ်ဆိုတာ အဓိက။
တစ်ခါတုန်းက ဘုန်းကြီးတို့နဲ့အလွန်ရင်းနှီးတဲ့
ဒကာကြီးတစ်ယောက် အိန္ဒိယသွားတဲ့အခါ ဗုဒ္ဓဂါယာမှာ- ဟိုနားက မြေလေးကောက် ခဲလေးကောက်နဲ့ သယ်လာတာ။
“ဒကာကြီးလို့ ဒါတွေဘာလို့ကောက်နေတာလဲ” လို့ဆိုတော့ ဟာ ဒီမြေတွေက အင်မတန်ထူးတယ်-တဲ့။
အမလေး ကုလားမစင် စွန့်ထားတဲ့ မြေတွေလို့ ဒီနားက။ ဘုရားဟောတဲ့ တရားပဲ
ကျင့်ပါလို့ ဒီရုပ်ဝတ္ထုတွေကို မကိုးကွယ်စမ်းပါနဲ့လို့ပြောရတယ်။ တစ်ချို့က အဲ့လိုတွေ ဂင်္ဂါမြစ်ရေဆိုပြီး မှာတဲ့သူက ရှိသေးတယ်။
တစ်ခါတုန်းက အဲ့ဒီက ပါဠိပါမောက္ခကြီးတစ်ယောက်ဆုံးတော့ သူက ဗုဒ္ဓဘာသာ။
သူဆုံးတော့ ဘုန်းကြီးကို ညသန်းကောင်ကြီးလာနှိုးတယ်။ သွားပြီးတော့ ပရိတ်တွေဘာတွေ သွားရွတ်ပေးရတယ် သူ့ကို။
သွားရွတ်ပေးတော့ မနက်ကျတော့ သူတို့အိမ်ကလည်း ဂင်္ဂါမြစ်ထဲသွားပြီး မျက်နှာသစ်တယ်။
အိုး မျက်နှာသစ်ဖို့ နေနေသာသာ ခြေတောင်မဆေးချင်ဘူး။
မြင်ထားတာက အလောင်းကောင်တွေ မြစ်ထဲချပြီး မျောချတာက ခနခန တွေ့နေရတာ။
ရေတွေကလည်း နောက်ကျိလို့။
အဲ့ဒီတော့ ဒီဂင်္ဂါမြစ်ရေရဲ့ အစွမ်းထက်တယ်တို့ ဘာတို့ ဒီလို ယူဆတာက သူတို့ Brahman တွေရဲ့ အယူအဆသာဖြစ်တယ်ပေါ့။
Holy water ဆိုပြီးတော့ ရုပ်ဝတ္ထုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်း အများကြီး။
ဗမာပြည်မှာ တစ်ခါတုန်းက စစ်ကိုင်းက ဧရာဝတီမြစ်ရေဟာ တန်ခိုးကြီးတယ်လို့ဆိုပြီးတော့ ကသည်းစစ်တပ်ကနေ လာတိုက်ဖူးတယ်။ အဲ့ဒီရေကိုရချင်လို့ လာတိုက်တာ။ လာတိုက်ပြီး ရေယူပြီး ပြန်သွားကြတယ်။ ဘယ်ဧရာဝတီမြစ်ရေ အဲ့ဒီလိုသာ တန်ခိုးကြီးမယ်ဆိုရင် မြစ်ရေကြောင့် သန့်ရှင်းမယ်ဆိုရင် ရေထဲက ငါးတွေအကုန် နတ်ပြည်ရောက်ကြမယ်။
လူဆိုတာတခါတလေ မစဉ်းစားနိုင်ဘူး ဖြစ်နေကြတယ်။ ဒါကြောင့်မို့ အကြောင်းအကျိုးဆင်ခြင်မှုဟာ သိပ်ကိုအရေးကြီးတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ အစွန်းမရောက်သင့်ဘူး။
ဒါ စပ်မိလို့ပြောတာ။ အရှင်ကောဏ္ဍညက ထိုင်လျက် ပရိနိဗ္ဗာန်ပြုသွားတယ်။ အဲ့ဒီတော့ လက်ယာဘက်တွေ ကျယ်လောင် ကျယ်လောင်ပြောလာလို့ရှိရင် ဒါတွေက Evidence မဖြစ်သင့်ဘူးပေါ့။ ရဟန္တာဖြစ်ခြင်းရဲ့အကြောင်းဆိုတာ မဖြစ်သင့်ဘူးပေါ့။
ဥပမာတစ်ခုပြောပြမယ်။
မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ စကြဝတေးမင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအတူတူပဲ။ အတူတူဆိုတာ
အရိုးတွေက ကွင်းဆက်တွေ။ ပစ္စေကဗုဒ္ဓကျတော့
ချိတ်ဆက်-ရဟန္တာကျတော့ သာမန်ပဲ။ အဲ့ဒါကို အမှတ်လွဲပြီးတော့ ရဟန္တာ-ကို ချိတ်ဆက်လို့ ပြောနေကြတယ်။ စာထဲပါတာ အဲ့လိုပါတာ မဟုတ်ဘူး။
ပစ္စေကဗုဒ္ဓါကမှ ချိတ်ဆက်-
ဘုရားတို့ စကြာမင်းတို့ကြတော့ ကွင်းဆက်- ဒီလို ဆိုတာ။
အဲ့ဒီတော့ စကြာမင်းအရိုးတွေ့ပြီး ဒါ ဘုရားအရိုးလို့ ဘယ်သတ်မှတ်လို့ ရပါ့မတုန်း။
ခန္ဓာကိုယ်တည်ဆောက်မှုသာ တူတာ။ စကြာမင်းက ဘုရားဖြစ်တာမှ မဟုတ်တာ။
သို့သော် ခန္ဓာကိုယ်တည်ဆောက်မှုက ဘုရားနဲ့ သွားတူတယ်လေ။ သူလည်း ဘုန်းကဲပါရမီရှင်ဖြစ်နေသည့်အတွက်ကြောင့် သွားတူတာရှိတယ်ပေါ့။
အဲ့ဒီတော့ အရိယာနဲ့တူတဲ့ ပုဂ္ဂိုလ်တွေရော မရှိနိုင်ဘူးလား။
ရှိတယ်လေ။
ဒီရုပ်တွေဟာ ကံကြမ္မာနဲ့ဆိုင်တယ်။ ရုပ်တည်ဆောက်မှုတွေဟာ။ အဲ့ဒီရုပ်တည်ဆောက်တာနဲ့ပဲ ဒါရဟန္တာဖြစ်ရမယ်လို့ သွားတွက်လို့ မရဘူးလေ။
သူ့ရဲ့အကျင့်နဲ့သာ ပတ်သက်တယ်။
( ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ)
မှတ်ချက်[အငြင်းပွားသူတို့၏ အတွင်းရေးများ တရားတော်မှ ကောက်နှုတ်ချက်
စာဖတ်သူ ဓမ္မမိတ်ဆွေများ အတွက်
ရည်ရွယ်ပြီး ဆရာတော်ဘုရားများ
ဟောပြလမ်းညွှန်ထားသောတရား တော်များမှအသိဉာဏ် ဗဟုသုတနှင့်
ကုသိုလ်တရားများစဉ်ဆက်မပြတ်တိုး
ပွားစေရန်နေ့စဉ် ဓမ္မအကြောင်းရာ
လေးတွေ မျှဝေ တင်ပြအပ်ပါတယ်။]
{ဓမ္မမိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး
လိုရာဆန္ဒများ ပြည့်စုံကြပါစေသံသရာ
၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ
ကျွန်တော့်၏ Post များမှ ဓမ္မတရား
တော်များကို အများသူငါဖတ်ရှုလေ့
လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့် ၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်
ယူနိုင်ကြပါသည် ခင်ဗျာဤဓမ္မဒါနကို
ဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အ
တွက်ကြီးစွာသောအထောက်အပံ့ဖြစ်
ပါရေစ . . . ။}♥♥♥♥♥♥♥♥
Credit to မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ
တစ်စုတစ်စည်းထဲဖတ်နိုင်ဖို့ copyယူ၍ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

လူ့ဘုံ(မဟာဗောဓိမြိုင်ဆရာတော်)

✤ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့
ဒီဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်တက်ပါ့ဗျာ။ စျာန်ကိစ္စကျတော့ ဆရာပြတာတောင် သဘောပေါက်ရဲ့လား။
မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။
ဒီလိုဆို ကိလေသာကို ရှို့မြိုက်ဖျက်စီးပြီး
ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့ တော့ တော်တော်ခဲရင်းလ်ိမ့်မယ်။
နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။
သူ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။
လူ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။
အမွဲလား၊မကွာမကွာလား။
မကြာမကြာလောက်တော့ဖြစ်မှာပါ။
အမြဲတော့ မဖြစ်နိုင်ပါဘူး။

✤ဘာဖြစ်လို့တုန်း…
တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို
သုတေသနပြုကြည့်။
မောဟက တိရစ္ဆာန်သွားမှာကွဲ့။
အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။
မောဟထင်တယ်။
အိပ်ပျော်နေတုန်း လိုချင်တာရှိလား။
မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။
ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံသွားတာထင်တယ်။
သူလည်း မျောလိုက်သွားတာ ထင်တယ်။
ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။
နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့ နေမှာပါ။

✤လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။
လိုချင်တာလေး သူ့လက်ထဲရောက်လို့
သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။
ကျန်တဲ့အချိန် မောဟအတိုင်းပဲ။
တွေတွေဝေဝေဘဲ။
မှတ်စိတ်မရှိရင် မောဟထင်တယ်။

✤ဒေါသကလည်း သူ့မခံချင်စရာလေး
တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။
ငါးပွက်သလိုထင်တယ်။
သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင်
ကျေနပ်သွားတာ။
ကျန်တာက မောဟပဲကျန်တာ။
အဲ့တော့ နေ့မှာလည်း မောဟပဲ။

✤ထိုင်နေရင်းနဲ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။
တစ်ခါတစ်လေ တစ်ခုတည်းမှာကို
ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊
ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။
ဒါလည်း မောဟပဲ။

✤အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။
အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။
၂၄ နာရီမှာ မောဟက
တိရစ္ဆာန်ဖြစ်မယ့်မျိုးစေ့က
ဘယ်လောက်ရှိမယ်ထင်တုန်း။
အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။

✤လောဘက လိုချင်တဲ့စိတ်၊
လိုချင်တာလည်း တစ်နေ့တာလုံးလုံး
လယ်လည်း လယ်မို့၊ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ရုံးမှာမို့။
သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။
လိုချင်တာ မရတဲ့အချိန်ကျမှ
ဒေါသက လာလိမ့်မယ်။
လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။

✤လူ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။
ဒါတောင် သြကာသ ရလို့ဆိုတာဗျ။
မောဟနယ်ထဲက ဆိုနေတာ။
ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား?
ရလို့ဆိုနေတာလား?
ရလို့ဆိုနေတာပါ။
သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။
အမယ်..ကောင်းမလားလို့ ဆွမ်းထွက်လောင်းတော့လည်း
ဘုန်းကြီးသပိတ်နဲ့ကိုယ့်စိတ်နဲ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။

✤ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။
ကောင်းမှုလုပ်တဲ့ထဲလည်း
မောဟက နှုတ်ဦးမှာပါဗျ။
ဒါတောင်များများကြီးမလုပ်နဲ့၊
ဒီလောက်ဆို တော်ရောပေါ့တဲ့။
အထက်တက်မှာဆိုးလို့ဗျ။
မောဟက များများကြီးလုပ်ခွင့်ပြုလား။

✤ဒီလိုဆို မောဟသည် တိရစ္ဆာန်ဖြစ်မှာဆိုတော့
တိရစ္ဆာန်ရဲ့ဉာဉ်ကတော့
ကြိုက် ကြိုက်သလို
လိုက်တော့တာပဲ။
ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။
သူတို့ကြိုက် ကြိုက်သလိုဘဲ။
စောင့်စည်းသေးလား။

✤အော် ငါဒီလိုလိုက်လို့
သူ့ခမျာ ကြောက်လို့ပြေးရှာတာပဲဆိုပြီး
နားနေရစ်သလားဟေ့။

✤မိပြန်တော့ကော–
ဟိုက တောင်းပန်လိုက်တာ။
သူ့အသက်ကလေးနှမျောလို့တစ်ဖက်က။
အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့ လွှတ်လိုက်ရောလား။

✤ကြိုက် ကြိုက်သလို လိုက်တာပေါ့။
မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။
မသိတော့ကော မသိသလို လိုက်တာပဲ။
ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။
တို့စိတ်မဟုတ်သေးဘူး။
လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။

✤တိရစ္ဆာန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။
ဘာလိုဆိုတော့ ဟိုဘက်က မောဟက
အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး
အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး
အလှည့်ကျခွင့်ရသတဲ့ဗျာ။

✤တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ
လူ တစ်ခေါက်တစ်ခေါက်ဆိုတော့
လူ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။
တိရစ္ဆာန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။

✤ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ့ ထိုက်တန်တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။
လိုချင်တာပဲ။ ခင်မင်တာပဲဗျ။
ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။
အိမ်စွဲ အိမ်နားက မကျွတ်ဘူး။
သားစွဲ သားနား၊သမီးစွဲ သမီးနား။မကျွတ်မလွတ်ပေါ့ဗျ။

✤စွဲတဲ့နေရာ ငြိတာပဲ။
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ။

✤တို့ရန်ကုန်တုန်းက တို့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။
ဒကာကြီးပါပဲ။သူ့အဖေက သစ်တောဝန်ထောက်ကြီး။
ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။
အဲ့မှာသူတို့နေတယ်။
နေရင်းနဲ့သူ့အိမ်က အစေခံခေါ်မှာပေါ့လေ၊အမျိုးသားပေါ့။
တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။
ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က
ပိတောက်ပင်အောက်က သူ့အသံကြားနေရတာ။
နားထောင်တော့ လူသံပဲ။
သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။
သူ့အဖေက ဒီကောင်မကျွတ်ဘူး၊
ဒီနားမှာရှိရမယ်။
မင်းတို့ပိတောက်ပင်အောက်ကို တူးကြည့်ကြစမ်းကွာလို့
နောက်ရက် မနက်ကျခိုင်းတယ်။
ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ့ဖူးမှာပေါ့။
လင်ကွန်တို့။ဘလူးစတားတို့။
လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။မြေစေးအိုးမဲမဲလေး။
စေးတံလေးတစ်ခုနဲ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။
ပိတောက်ပင်အောက် အဲ့တာစွဲလို့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။
ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။
မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။

✤ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ
ခင်မင်စိတ်က အဲ့နေရာမှာစွဲ
အဲ့နေရာမှာငြိတယ်။

✤ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။
ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး
ဘာမှမသိတက်တဲ့ဟာမျိုး။
လူ့တိရစ္ဆာန်ခေါ်မှာပေ့ါ။

✤တိရစ္ဆာန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့်
လူ့ဘဝရောက်လာပြန်တော့လဲ
တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။

✤ကောင်းတဲ့စေတနာလေးက
၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။
မပြောပလောက်တဲ့ အပွင့်လေးက
အလှည့်ကျလို့လူရယ်လိုဖြစ်လာတာ။

✤ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို့ဆိုရမယ်။
လူ မှ လူ
လူ မှ နတ်
လူ မှ ဗြဟ္မာ
လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။

✤အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။
တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။
ရောက်မယ်ပြောတာ မဟုတ်ပါဘူး။
တက်ချင်ရင် တက်ခွင့်ရှိတယ်။
ဒါ လူ့အခွင့်အရေးပဲ။

✤ဘာဖြစ်လို့တုန်းဆိုတော့
ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ
လူ့ဘုံပဲရှိတယ်။

မဟာဗောဓိမြိုင်ဆရာတော်
credit mya Htay

⚝ မင်္ဂလာပါ
⚝ရွှင်လန်း⚝ချမ်းမြေ့⚝ပါစေ⚝
➖➖➖➖➖➖➖➖➖➖➖➖➖

“ ကိုယ်ချင်းစာစိတ် “

ကိုယ်ချင်းစာနိုင်တာလည်း
လူ့အရည်အချင်းတစ်ခုပဲ။
ငါ ဘယ်လောက် ကိုယ်ချင်းစာနိုင်သလဲဆိုတာ
ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်မေးပါ။
“ငါ အတတ်နိုင်ဆုံး ကိုယ်ချင်းစာမယ်”ဆိုတာတစ်ခုကို လက်ကိုင်ထားကြည့်ပါ။

လူတစ်ယောက်ကို မြင်တာနဲ့
“ ငါ #ကိုယ်ချင်းစာတော့မယ် “

ငါ့ကို အေးအေးဆေးဆေး,
လေးလေးစားစား တန်ဖိုးထားပြီးတော့
‌‌ပြောမယ်ဆိုမယ်, ဆက်ဆံမယ်ဆိုရင် ငါ ကြိုက်တယ်။
ထို့အတူပဲ သူ့ကို ငါက အေးအေးဆေးဆေး ပြောမယ်, ဒေါသနဲ့မပြောဘူး, ကိုယ်ချင်းစာပြီးတော့ ပြောမယ်, လေးလေးစားစား ပြောမယ်”ဆိုတဲ့ စိတ်နဲ့ပြောကြည့်,
ဆက်ဆံရေးဟာ အများကြီး အဆင်ပြေလာနိုင်ပါတယ်။ ဒီဆက်ဆံရေးထဲမှာပဲ ကိုယ့်ရဲ့စိတ်နေသဘောထားဟာ အင်မတန်မြင့်မြတ်တဲ့ စိတ်နေသဘောထား ဖြစ်လာနိုင်တယ်။

ကိုယ်ချင်းစာလိုက်တာနဲ့ မြင့်မြတ်မှုဖြစ်သွားပြီ။
ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူ့ကိုဆက်ဆံလိုက်တာဟာ
သူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။
ဒါဟာ ပစ္စည်းတစ်ခုကို ပေးတာမျိုးမဟုတ်ဘူး။

လူတစ်ယောက်ကို
ပစ္စည်းတစ်ခုပေးတာနဲ့
လေးလေးစားစားဆက်ဆံလိုက်တာနဲ့
အင်မတန်ကွာပါတယ်။

ဆက်ဆံရေးမှာ
ကိုယ့်ကိုယ်ကို ပေးလိုက်တာဟာ
သူ့ကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။
ဒီအချက်ကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။
အဓိပ္ပာယ်ကို သဘောပေါက်သလား။

လူတစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ
ကိုယ်ချင်းစာပြီး လေးလေးစားစားဆက်ဆံလိုက်တာ
မိမိကိုယ်ကို ပေးလိုက်ခြင်းပဲ။
ဒီထက်ပိုပြီး ဘာများပေးနိုင်အုံးမလဲ။ မပေးနိုင်တော့ဘူး။
ဘယ်လောက် မြင့်မြတ်သွားပြီလဲဆိုတာ ကြည့်ပါ။

ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ ဆက်ဆံရင်
အလိုအလျောက် သီလမြဲသွားပြီ။
တချို့က သူတစ်ပါးအသက် သတ်ရင် နောက်ဘဝမှာ
ဘယ်လို ဒုက္ခရောက်မယ်ဆိုပြီး ခြောက်လှန့်ရင် ကြောက်ပြီး မလုပ်ဖြစ်တော့ဘူးလို့ ထင်ကြတယ်။
မလုပ်ဖြစ်တာတော့ ကောင်းပါတယ်။
ဒါပေမယ့် ကိုယ့်မှာပြန်ပြီး ဒုက္ခရောက်မှာကိုကြောက်ပြီး မလုပ်ဖြစ်တာနဲ့ သူ့ကို ကိုယ်ချင်းစာပြီး “သူလည်း ငါ့လို သေရမှာကြောက်တာပဲ, ငါလည်းပဲ သေမှာကြောက်တယ်, ငါ့ကို ထိခိုက်အောင်လုပ်တာ ငါမကြိုက်ဘူး, ဒါကြောင့် သူ့ကို ထိခိုက်အောင် မလုပ်ဘူး”ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မလုပ်တာက ပိုပြီး မြင့်မြတ်ပါတယ်။
ထို့အတူ တခြားသီလတွေ တစ်ခုချင်းဆီကိုလည်း ဒီလို ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ပါ။
ကိုယ်ချင်းစာနာစိတ်တစ်ခုကို လက်ကိုင်ထားရင်ကိုပဲ
အင်မတန် မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

မေတ္တာ, ကရုဏာနဲ့ ဆက်ဆံမယ်ဆိုရင်လည်း ထို့အတူပါပဲ။ သူတစ်ပါးက ကိုယ့်ကို မေတ္တာထားတာကို သိပ်လိုချင်သလို ကိုယ်ကလည်း သူတစ်ပါးကို မေတ္တာထားပါ။ လူတိုင်းဟာ မေတ္တာကို အလိုရှိကြတယ်။ မိဘဆီက မေတ္တာကို လိုချင်တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက မေတ္တာကို လိုချင်တယ်။ မေတ္တာများများရရင် စိတ်ပိုအေးချမ်းတယ်။ စိတ်ထဲမှာလုံခြုံတယ်, စိတ်ချတယ်, ဘေးအန္တရာယ်ကင်းတဲ့ စိတ်မျိုးဖြစ်တာလည်း မေတ္တာနဲ့မှ ဖြစ်နိုင်တယ်။

ပစ္စည်းဥစ္စာရှိတဲ့လူတွေက
အိမ်ကို ကွန်ကရစ်နဲ့ဆောက်မယ်,
သံတံခါးကြီးတွေတပ်မယ်, သော့ခတ်ထားမယ်,
အိမ်ပတ်ဝန်းကျင်မှာ အုတ်တံတိုင်းအမြင့်ကြီးတွေ ခတ်ထားမယ်, အိမ်ထဲမှာ အစောင့်တွေထားမယ်။ လုံခြုံပြီလားဆိုတော့ မလုံခြုံသေးဘူး။ မလုံခြုံမှုက ရှိနေသေးတယ်။ အကယ်၍ မေတ္တာသာထားလိုက်မယ်ဆိုရင် အများကြီး လုံခြုံမှုဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က တကယ် လှိုက်လှိုက်လှဲလှဲ မေတ္တာထားနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို လုံခြုံမှုဖြစ်လာတယ်။

ကိုယ့်ကိုယ်ကို မလုံခြုံတဲ့သဘော,
စိတ်မချတဲ့သဘော, စိတ်မအေးတဲ့သဘောဟာ အမှန်မှာ မေတ္တာကင်းမဲ့လို့ ဖြစ်တာပဲ။
လူတွေဟာ မေတ္တာကင်းလေလေ မလုံခြုံမှုက ပိုများလေလေပဲ။ ကိုယ်ကိုယ်တိုင်က သူတစ်ပါးကို မချစ်တတ်, မခင်တတ်, မယုံကြည်တတ်တဲ့သူဟာ
သူတစ်ပါးကလည်း ကိုယ့်ကို
ချစ်လိမ့်မယ်, ခင်လိမ့်မယ်လို့ မယုံဘူး။

တကယ် လုံခြုံမှုဆိုတာဟာ ပစ္စည်းဥစ္စာမှာ မရှိဘူး။ မေတ္တာမှာပဲ ရှိတယ်။

ကိုယ့်ကို လူတစ်ယောက်က
လိမ်ညာတာ, ဟန်လုပ်တာ မပါဘဲနဲ့
အရိုးသားဆုံး, အပွင့်လင်းဆုံး ဆက်ဆံမယ်ဆိုရင်
စိတ်ထဲမှာ အင်မတန် အေးချမ်းတယ်။
အဲဒါကြောင့် ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ
စိတ်ကို အေးချမ်းစေတယ်။ ကျေနပ်မှု, ကြည်လင်မှု အများကြီးရစေတယ်။

လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ
ငါ့ကို လိမ်နေတာလားလို့တွေးနေရင် ဆက်ဆံရတာ အားမရှိတော့ဘူး။ ကျေနပ်မှု, အေးချမ်းမှု မရတော့ဘူး။
ပရိယာယ်မသုံးဘဲနဲ့ ရိုးရိုးသားသား, ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့
အကောင်းဆုံးအရာတစ်ခု ဖြစ်တယ်။
ငါ သူ့ကို အကောင်းဆုံးတစ်ခု ပေးမယ်ဆိုရင်
ဘာပေးမလဲ, ပစ္စည်းပေးမလား, ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကို ပေးမှာလား စဉ်းစားသင့်တယ်။ ဒါတွေဟာ လူတွေမှာရှိတဲ့ အကောင်းဆုံး အရာတွေပဲ။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

“ဘဝဆိုတဲ့ ကျောင်း”စာအုပ်မှ
credit : ko thant gyi

𝓓𝓱𝓪𝓶𝓶𝓪𝓮𝓲𝓪𝔂𝓪𝓽𝓱𝓪𝓻

သရဏဂုံ အလိုလိုပျက်စီးခြင်း

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့
ဥပါသကာမှန်ရင် ရတနာသုံးပါး၏ ပြင်ပ
အရာတွေကို အလေးအမြတ်မပြုအပ်ဘူး။

ရတနာသုံးပါးရဲ့အပြင်ပမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကို…

နံပါတ် (၁) မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်…

နံပါတ် (၂) ကိုးကွယ် လဲလျောင်းပုန်းအောင်းမှီခိုရာ
အဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်

နံပါတ် (၃) ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင်

နံပါတ် (၄) အလွန်အမင်းရိုသေစွာ ရှိခိုးခဲ့လျှင်
မူလဆောက်တည်ထားတဲ့ သရဏဂုံသည်
အလိုလိုပျက်တယ်။

ဒီလိုပျက်စီးနည်းသည် “သာဝဇ္ဇ” အပြစ်ရှိတဲ့ သရဏဂုံ ပျက်စီးနည်း ဖြစ်တယ်။

အပြစ်ရှိတဲ့ပျက်စီးနည်းဆိုတာ ဘာကိုပြောတာလဲ။

“သော စ အနိဋ္ဌဖလော ဟောတိ” နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။

ရတနာသုံးပါးရဲ့ အပြင်ဘက်က ဖြစ်တဲ့
ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။

အဲဒီနတ်တွေကို အလွန်အမင်း ရိုသေစွာရှိခိုးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။

ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။
လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက်လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံ
သည် အလိုလိုပျက်စီးသွားတယ်။

မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့သရဏဂုံကို မပျက်စီးစေသင့်ဘူ။ အသိအလိမ္မာလေးနဲ့ စောင့်ရှောက်သင့်တယ်။

မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ် ခဲ့လျှင်…အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်း
မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ပျက်စီးရုံတင် မဟုတ်ဘူး။

သူက “သာဝဇ္ဇော” အပြစ်လည်း ရှိတယ်။
နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း
ရနိုင်တယ်။

ဒီ မင်းကြီး မင်းကလေးဆိုတဲ့ ဟာတွေသည်
ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား
ပြန်ဆန်းစစ်ကြည့်ပါ။

မင်းကြီးတို့ မင်းကလေးတို့ ဝင်လာပြီဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ။
အရက်သောက်တယ်။ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။

မိမိအဆင့်က အရက်သမားကို ကိုးကွယ်ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား။ အလိုလို ရောက်သွားတယ်။

နောက်တစ်ခု ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။

ဘုန်းကြီးတို့ မြန်မာပြည်မှာ ကျေးရွာပေါင်း
နှစ်သောင်းကျော် ရှိတယ်လို့ ဆိုတယ်။

နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာ
နတ်ပွဲဆိုတာ ရှိတတ်ပါတယ်။

ကျေးရွာနှစ်သောင်းကျော် ရှိတော့ တစ်နေ့ တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ်ဆိုလျှင် ဆယ်ရွာ­မှာ နတ်ပွဲတစ်ပွဲလောက်တော့ ရှိနိုင်ပါတယ်။

ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော်ဆိုတော့ တစ်နေ့မှာ နတ်ပွဲပေါင်း
နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။

နတ်တော် ပြာ­သိုဝန်းကျင်လောက်ပြောတာပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ …

ဟို­နတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပင့်ပြန်ပြီ။ ဝင်ပူးပြန်ပြီ။

မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦးမယ်။

အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။

ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့အချိန်ကလည်း ပေးရသေးတယ်။

ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ်ဆိုရင်ပေါ့ …

သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရ­မယ်။

တစ်နေ့့မှာ နတ်ပွဲတွေက များသောအားဖြင့်
နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။

တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။

အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲရှိတယ်။

ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပူးပြန်ပြီ။

အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား။ လိုနေပါတယ်။

ဒါကြောင့် အနီးစခန်း ဆရာတော်ဘုရားကတော့ သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ သူက ဘယ်လိုပြောထားသလဲ။

“လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်းရှိတယ်။ လိမ်မည့်လူသာ လိုတာ”တဲ့။

လိမ်မည့်သူကသာ ကျကျနနလိမ်။ အလိမ်ခံ
လူတန်းစားက အမြဲတမ်း ရှိပြီးသားဖြစ်တယ်။

ဒါက ဒကာကြီးတွေ တော်တော်လေး
လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ်။

ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေ ကြတယ်။

အဲဒီလို ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ချို့လည်း
ပါနေကြပြန်တယ်။

သူတို့ကနေ ရှေ့ဆောင်ပြီးတော့ မင်းကြီး
မင်းကလေးကို ကိုးကွယ်ဆည်းကပ်တယ်။
ဆည်းကပ်လိုက်တော့ သူက ဘာအမိန့်ထုတ်သလဲ။

သူ့ကျောင်းထဲ ဝက်သား မသွင်းရဘူး။ ဘာဖြစ်လို့လဲ။
မင်းကြီး မင်းကလေးမကြိုက်လို့။

သူက ဘုရားမကြိုက်တဲ့ အလုပ်ကျတော့
သူရဲရဲလုပ်တယ်၊ အဝတ်ကတော့ သာသနာ့
ဝန်ထမ်း ရှင်ရဟန်း။

ဒါပေမဲ့လို့ သူက မင်းကြီး မင်းကလေး မကြိုက်တာကျတော့ ကျောင်းထဲ မသွင်းရဘူး။
ဘုရား မကြိုက်တာကျတော့ ကျောင်းဝင်းထဲသွင်းတယ်။

ရှက်ဖို့ မကောင်းဘူးလား။ သိပ်ရှက်ဖို့ ကောင်းပါတယ်။

နောက်လိုက် ဒကာဒကာမတွေအတွက်
သိပ်ပြီးတော့ ဝမ်းနည်းစရာကောင်းတယ်။

ဖားအောက်တောရဆရာတော်ဘုရားကြီး
ဃဋိကာရသုတ္တန်မှ

Via – Paral Lei

အိပ်တဲ့အခါ စိတ်နှလုံး ချမ်းသာစွာ အိပ်စက်ရအောင် ဘယ်လိုလုပ်ရမလဲ.. °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိပ်တဲ့အခါ စိတ်နှလုံး ချမ်းသာစွာ အိပ်စက်ရအောင် ဘယ်လိုလုပ်ရမလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်း ငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာ အိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

ကိလေသာ အပူ တွေရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့အဆင့် အတန်း မြင့်တဲ့ အိပ်ရာကြီးတွေပေါ်မှာ အိပ်ခြင်း ဟာ အပြင်ပန်းအားဖြင့် ဇိမ်ကျတယ်၊ ချမ်းသာတယ် လို့ ဒီလို ထင်ရသော်လည်း အတွင်း အပူတွေ နှိပ်စက်နေသည့်အတွက်ကြောင့် ပူလောင်မှုတွေနဲ့ လုံးပမ်း နေရလို့ သူ့ရဲ့ စိတ်နှလုံးဟာ အေးချမ်းမှုမရှိဘူး။

စိတ်နှလုံး အေးချမ်းမှု မရှိသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာ အိပ်စက်ရတယ် ဆိုတဲ့ အဓိပ္ပာယ်မရပါဘူးတဲ့၊ဆင်းဆင်းရဲရဲပဲ အိပ်စက် ရပါတယ်။

တကယ်လည်းပဲ လောဘ၊ဒေါသ၊မောဟ ဆိုတာ တွေရဲ့အနှောင့်အယှက်ကြောင့် ထိုပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရမှာ မဟုတ်ဘူး။

စိတ်ထဲမှာ အလိုမကျမှု တွေ နဲ့ လုံးထွေးပြီးတော့ စိတ်နှလုံးဟာ ပူပန်နေသည့်အတွက်ကြောင့် စိတ်ငြိမ်းချမ်းမှု ဆိုတာ လုံးဝမရနိုင်ဘူးတဲ့။

အေး၊ဒါကြောင့်မို့ မြတ်စွာဘုရား သခင်ကိုယ်တော် မြတ် က ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတဲ့ တကယ့် အဓိပ္ပာယ် ဟာ နှလုံးသား အေးချမ်းမှု ရှိမှ ချမ်းသာစွာ အိပ်စက်ရတယ်။

ရာဂ၊ဒေါသ၊မောဟစတဲ့ ကိလေသာ တွေ ချုပ်ငြိမ်းမှ သာလျှင် တကယ့်ကို အေးချမ်းတယ် ဆိုတာ ကို ပြောလို့ရမယ်။

ချမ်းသာစွာ အိပ်စက်ရတယ် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်ကို ရာဂ၊ဒေါသ၊မောဟ ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်မှသာ ဖြစ်နိုင်တယ်ပေါ့။

အေး၊လောကမှာ အိပ်မရလို့ အိပ်ဆေး သောက် အိပ်ရတဲ့ လူတွေကော မရှိဘူးလား။

အေး၊ သောကတွေ ဖြစ်နေလို့ တစ်ညလုံး အိပ်မပျော် ဘူးတဲ့။

အဲဒီ အပူတွေကြောင့် အိပ်မရလို့ အိပ်ဆေး သောက်ပြီး တော့ အိပ်နေကြရတယ်။

အိပ်ဆေးဟာ တကယ့်အဖြေမဟုတ်ဘူး။

တကယ့်အိပ်ဆေး က တော့ မြတ်စွာဘုရားရဲ့ တရားတော် သာဖြစ်တယ်ပေါ့။

ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတရား ကို လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်မယ် ဆိုလို့ရှိရင် လောဘတွေ လျော့ချနိုင်မယ်၊ဒေါသတွေလျော့ချနိုင်မယ်၊မောဟတွေ လျော့ချနိုင်မယ်။

နောက်ဆုံး လောဘ၊ဒေါသ၊မောဟ တွေ ကင်းပြီးတော့ နှလုံးသားရဲ့ပူလောင်မှုတွေ အကုန် ကင်းသွားရင် ဘယ်နေရာ နေနေ စိတ်နှလုံးဟာ အေးချမ်း နေမှာပဲ ဖြစ်တယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့၊တို့တစ်တွေဟာ စိတ်နှလုံး အေးချမ်း သာယာမှု ရှိမှသာလျှင် ချမ်းသာစွာ အိပ်စက် ရတယ် ဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ရကြ ရမှာ ဖြစ်တယ်။

သာမန်အားဖြင့် ကြည့်ပြီးတော့ တို့တစ်တွေ ဟာ ချမ်းသာစွာ အိပ်စက်ရတယ် လို့ ဖြေလို့ရှိရင် မပြည့်စုံတဲ့စကား မျိုး သာဖြစ်တယ်ပေါ့။

အေး၊အဲဒီလို သဘောကျပြီးတော့ တို့တစ်တွေ ချမ်းချမ်းသာသာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ် ပြည့်စုံအောင် ဘာလုပ်ရမလဲ။

နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂတွေ ဖယ်ရှားဖို့ ကြိုးစားရမယ်၊ဒေါသတွေဖယ်ရှားဖို့ ကြိုးစားရမယ်၊ မောဟတွေ ဖယ်ရှားဖို့ ကြိုးစား ရမယ်။

ကဲ၊ကြိုးစားပြီ ဆိုတဲ့အခါ မှာ ရာဂကို ဘာနဲ့ ဖယ်ရှားမလဲ၊ ရာဂကို ဖယ်ရှားဖို့ရာအတွက် နံပါတ်(၁) က ဘုန်းကြီးတို့ တစ်တွေ ရာဂဟာ ဘာကြောင့် ဖြစ်နေသလဲလို့ ဆိုရင် တင့်တယ်မှုလို့ စိတ်က အာရုံပြုနေသည့်အတွက်ကြောင့် “သုဘနိမိတ်” ကို အာရုံပြုထားသည့် အတွက် ကြောင့် ရာဂဟာ တိုးသည်ထက် တိုးလာတာ ဖြစ်တယ်။

ဒါကြောင့်မို့လို့ မတင့်တယ်ဘူး လို့ ဆိုတဲ့ အသုဘ ကမ္မဌာန်း(အေး၊ ဗမာစကားထဲမှာ အသုဘ ဆိုလို့ရှိရင် မသာသွား သွားပြီး သတိရနေ တာမျိုး ဖြစ်တတ်တယ်နော်။အဲဒါကိုပြောတာ မဟုတ်ဘူး)ကို မိမိတို့ အသက်ရှင်လျက်ဖြစ်သော်လည်း ခန္ဓာကိုယ် မှာ တင့်တယ်မှု မရှိတာ တွေကို ဆင်ခြင် စဉ်းစား ရမယ်တဲ့။

ရွံရှာဖွယ်သဘော တွေကို ဆင်ခြင် စဉ်းစား တတ် ရမယ်။

ဘယ်လို ဆင်ခြင်စဉ်းစား တတ်ရမလဲဆိုရင် ကြည့်လေ၊ကိုယ့်ခန္ဓာကိုယ်ဟာ မတင့်တယ်ဘူး၊ ရွံစဖွယ် ဆိုတာဟာ အလွယ်လေးနဲ့ စဉ်းစား လို့ ရတယ်။

ခန္ဓာကိုယ်ရဲ့သဘာဝ ဟာ တကယ်တော့ လှပ တင့် တယ် တာ မဟုတ်ဘူး၊ အပြင်က ဝတ်စား ဆင်ယင် တာတို့၊ဖီးလိမ်းတာတို့ ဒါတွေကြောင့် မို့လို့ လူတွေဟာ လူကြားထဲမှာ ဝင်လို့ရတာ နော်။

အေး၊အဲဒီလို မတင့်မတယ် ရွံစဖွယ်သဘော တွေ ကို ဆင်ခြင်စဉ်းစားရင်းဖြင့်၊ အသုဘသညာ ကို နှလုံး သွင်းခြင်းဖြင့် ရာဂကို ဖယ်ရှားနိုင်တယ်တဲ့။ရာဂ ကို လျှော့ချနိုင်တယ်။

ရာဂ လျော့ကျသွားတာနဲ့ တစ်ပြိုင်နက် နှလုံးသားရဲ့ ပူလောင်မှုတွေဟာ လျော့ကျ သွားမယ်။

လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ချမ်းချမ်းသာသာ အိပ်စက်ရဖို့ ဖြစ်ပေါ်လာလိမ့်မယ်။

ထို့အတူပဲ ဘုန်းကြီးတို့ တစ်တွေရဲ့ နှလုံးသား ထဲ မှာ မုန်းတီးမှု တွေကို သိမ်းထားမယ်ဆိုလို့ရှိရင် နှလုံး သားဟာ အမုန်းတရားတွေ လွှမ်းမိုး နေသည့် အတွက် ကြောင့် ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူး တဲ့။

အဲဒီ အမုန်းတရားတွေကို ဖယ်ရှားနိုင်ဖို့အတွက် မေတ္တာ သက်ဝင် ချစ်ခင် စေတတ်တဲ့ မေတ္တာ တရား ကို ပွားများအားထုတ်ကြရမယ်။

မေတ္တာနှလုံးသားနဲ့ အစားထိုးပြီး နေနိုင်မှသာ လျှင် အမုန်းတရားတွေ ကင်းစင် သွား လိမ့် မယ်။

မေတ္တာသက်ဝင် ချစ်ခင်တဲ့၊ ကြည်လင် အေးမြတဲ့ စိတ်ဓာတ်ကို ရရှိလာတဲ့ အခါမှာ ချမ်းချမ်း သာသာ အိပ်စက်ရမှု ဆိုတာ ဖြစ်ပေါ်လာမှာပါ။

အဲဒီလို မဟုတ်ဘဲနဲ့ အမုန်းတရားတွေ နှလုံးသား ထဲမှာ ထားမယ် ဆိုလို့ရှိရင် ချမ်းချမ်းသာသာ အိပ်စက်ရမှု ဆိုတာ ဘယ်တော့မှရမှာ မဟုတ်ဘူး တဲ့။

ထို့အတူပဲ အသိဉာဏ်ကင်းမဲ့နေကြမယ် ဆိုလို့
ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြား မသိဘူး။

မသိသည့်အတွက်ကြောင့် မလုပ်သင့်တာတွေ လုပ်လိမ့်မယ်။

လုပ်သင့်တာတွေကို မလုပ်ဘူးလို့ဆိုလို့ရှိရင်ပြဿနာ တွေတက်မယ်။

ပြဿနာတွေတက်ရင် ထိုပြဿနာကြောင့် စိတ်တွေက တည်ငြိမ်မှုမရဘူးတဲ့။

မောဟကြောင့် ဖြစ်ပေါ်လာ တဲ့ ရင်ထဲမှာ ပူနွေးစေတဲ့ အခြေအနေ မျိုးတွေ ရောက် လာတယ်။

ဒါကြောင့်မို့ အဲဒီမောဟကို ပယ်ဖျောက် ဖို့ရာအတွက် အသိပညာရအောင် ကြိုးစားကြရမယ်။

အသိပညာ ရဖို့ရာအတွက်တရားနာရမယ်၊တရား
စာအုပ် တွေ ဖတ်ရမယ်။

သုတမယဉာဏ်ရမယ်၊ ကမ္မဋ္ဌာန်းတရားအားထုတ် ရမယ်၊ အားထုတ်လို့ရှိရင် ဘာဝနမယဉာဏ် တွေ ရလာမယ်။

သုတမယပညာ၊ဘာဝနာမယပညာ ဒီပညာနှစ်ခု နဲ့ မောဟကို လျော့ချနိုင်တာပေါ့။

နောက်ဆုံးမှာ သဘာဝတရား တွေရဲ့ အစစ်အမှန် ကို သိမြင်ခြင်းဖြင့် မှန်မှန်ကန်ကန် စဉ်းစား တွေးခေါ် နိုင် တဲ့ အသိဉာဏ်ကို ရရှိခြင်းဖြင့်၊

သင်္ခါရ တရားတွေ ရဲ့မမြဲတဲ့ သဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့်

ဘုန်းကြီးတို့တစ်တွေဟာ ပူလောင်မှုတွေရော၊ တပ်မက်မှု တွေရော အားလုံးကို လျော့ချ သွားနိုင် ပါ လိမ့်မယ်တဲ့။

အဲဒီလို ပူလောင်မှုတွေ၊တပ်မက်မှုတွေ လျော့ချ သွားနိုင်တာနဲ့ တစ်ပြိုင်နက် ချမ်းသာစွာ အိပ်စက်ရမှု ဆိုတာ ရရှိလာမှာဖြစ်ပါတယ်။

ရာဂ၊ဒေါသ၊မောဟဆိုတဲ့ အခြေခံ အကုသိုလ်
တရား (၃)ပါးကို ဖယ်ရှားပစ်ခြင်းဖြင့် အခြား အကုသိုလ် သဘာဝတရား တွေကိုလည်း ဖယ်ရှား နိုင်မှာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Khin Sandar Soe Htut..

Design a site like this with WordPress.com
Get started